Homeမြန်မာသတင်း
ပြည်ပသွင်းမော်တော်ယာဉ် မှတ်ပုံတင်ခ နှုန်းထား ဖြေလျှော့လိုက်သဖြင့် ကားစျေးနှုန်း ကျဆင်းနိုင်
ပြည်ပသွင်းမော်တော်ယာဉ် မှတ်ပုံတင်ခ နှုန်းထား ဖြေလျှော့လိုက်သဖြင့် ကားစျေးနှုန်း ကျဆင်းနိုင်
DVB
·
August 8, 2020
လူစီးမော်တော် ယာဉ်တွေအတွက် မူလတန်ဖိုး(FOB)အပေါ် ကောက်ခံနေတဲ့ ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခ နှုန်းထားတွေကို သြဂုတ်လ ၇ ရက်နေ့ က စတင်ပြီး လျှော့ချ ကောက်ခံလိုက်တာကြောင့် ကားစျေးနှုန်း ကျဆင်းသွားနိုင်တယ်လို့ မော်တော်ယာဉ် အရောင်းအဝယ် လုပ်သူတွေက သုံးသပ်ကြပါတယ်။
ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြား မှုဉီးစီးဌာနက ကိုဗစ်-၁၉ ကြောင့်ဖြစ်ပေါ်လာတဲ့ စီးပွားရေးကျဆင်းမှုတွေကို ကုစားတဲ့အနေနဲ့ လက်ရှိနှုန်းထားရဲ့ ထက်ဝက်ရာခိုင်နှုန်းစီကိုလျော့ချ သတ်မှတ်ပေးလိုက်တာလို့ သိရပါတယ်။
ဒါ့ကြောင့် SKD စနစ်နဲ့ထုတ်လုပ်နေတဲ့ ကားတွေက ၅ ရာခိုင်နှုန်းထိ ကျဆင်းသွားနိုင်ပြီး ပြည်ပက အစီးလိုက်တင်သွင်းတဲ့ ကားတွေကတော့၂၀ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းအထိ ကျနိုင်တယ်လို့ မော်တော်ယာဉ် အရောင်းအဝယ် လုပ်သူတွေက သုံးသပ်ထားကြတာပါ။
မြန်မာနိုင်ငံ မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက "အကောက်ခွန်ကလည်း ဖြေလျော့ထားတာရှိတယ်။ ကညနကလည်း ထပ်ဖြေလျော့ပေးလိုက်ပြီဆိုတော့ အဓိက ပြည်ပကနေ တင်သွင်းတဲ့ ကားတွေ စျေးနှုန်း သက်သာသွားမဲ့ သဘောရှိတယ်။ အဓိက က နှစ်ပိုင်းရှိတယ်။ ပြည်တွင်း SKD စနစ်နဲ့ ထုတ်တဲ့ ကားတွေကတော့ စျေးအများကြီး မကျနိုင်ဘူး။ ကညန နဲ့ ပတ်သက်ပြီး အခွန်မဆောင်ရဘူး။ အစီးလိုက် သွင်းတဲ့ ကားတွေကတော့ အထိုက်အလျောက်ကျနိုင်တယ်" လို့ ပြောပါတယ်။
ဒီလိုကောက်ခံရာမှာ လူစီးယာဉ်အမျိုးအစားထဲက စက်စွမ်းအား ၁၃၅၀ စီစီ နဲ့ အောက် ကားတွေကို ၃၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်း၊ စက်စွမ်းအား ၁၃၅၁ စီစီ ကနေ၂၀၀၀ စီစီ အထိကို ၅၀ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်း လျှော့ချသတ်မှတ်သွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် စက်စွမ်းအား ၂၀၀၁ စီစီ ကနေ ၅၀၀၀ စီစီအထိကို ၈၀ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်း၊ စက်စွမ်းအား ၅၀၀၁ စီစီနဲ့ အထက်ကို ၁၂၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်း လျော့ ချသတ်မှတ်သွားမယ်လို့ သိရပါတယ်။
စိုးချစ်ပိုင်