DVB Logo
Home
မြန်မာသတင်း
ပေါင်းလောင်းဆည်ကြောင့် ကျေးရွာပြောင်းရသူများ နေရာသစ်တွင် အခက်ကြုံ
DVB
·
June 6, 2013
Donate to DVB

ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်က ပေါင်းလောင်းဆည် ရေအားလျှပ်စစ်စီမံကိန်းကြောင့် ရွာဟောင်းကနေ ရွာသစ်ကို ရွှေ့လာရတဲ့ ဒေသခံတွေ ရေမီးအခက်အခဲအပြင် အလုပ်အကိုင်အခက်အခဲ ကြုံနေရပါတယ်။

ပင်လောင်းမြို့နယ် ထိန်ပင်နဲ့ သပြေကုန်းကျေးရွာအုပ်စုထဲက ရွာပေါင်း ၂၃ ရွာဟာ သူတို့နေရင်းရွာ အနောက်ဘက် ၁ မိုင်ကျော်အကွာက တောင်ကုန်း တောင်တန်းတွေပေါ် ပြောင်းရွှေ့နေကြရပြီး အခက်အခဲအမျိုးမျိုးနဲ့ ကြုံနေရတယ်လို့ ကျေးရွာ ရပ်မိရပ်ဖတဦးက ပြောပါတယ်။

“အခု မိုးကလည်း ရွာနေပြီ။ ရွှေ့ပြောင်းဖို့က ပစ္စည်းတွေသယ်ဖို့လည်း လမ်းတွေကလည်း ပျက်နေတယ်။ ကားအခက်အခဲလည်း ရှိတယ်။ ဖျက်ထားတဲ့အိမ်တွေလည်း အကုန်မကယ်နိုင်ဘူး။ လမ်းတွေက သွားလို့မရဘူး၊ ချော်နေတယ်။ တချို့နေရာတွေ ပျက်နေတာရှိတယ်။ ဒီမှာအကုန် ရှုပ်နေတယ်။ ဖျက်တဲ့သူက ဖျက်၊ သယ်တဲ့သူက သယ်။”

အခုလက်ရှိတည်ဆောက်နေတဲ့ အထက်ပေါင်းလောင်းဆည် စီမံကိန်းကြီး ပြီးသွားရင်  သူတို့ရွာဟောင်းထဲကို ရေတွေ ၀င်လာတော့မှာဖြစ်တဲ့အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေက မနှစ် ဩဂုတ်လကစပြီး  ပြောင်းရွှေ့ဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဒီနေ့ထိ မရွှေ့ရသေးတဲ့ ရွာတွေလည်း ကျန်နေသေးတဲ့အတွက် စီမံကိန်းဆိုင်ရာ တာဝန်ရှိသူတွေက ပြီးခဲ့တဲ့အပတ်က လာရောက်သတိပေးသွားပြီး ရွာထဲရေ၀င်လာရင် တာဝန်မယူကြောင်း၊ ပြောင်းရွှေ့ရေးမှာလည်း အကူအညီမပေးနိုင်ကြောင်း ပြောသွားတယ်လို့ ဆိုပါတယ်။

အခြားရွာသားတဦးကလည်း နေရာဟောင်းက မပြောင်းရင် ဒုက္ခရောက်မှာဖြစ်သလို နေရာသစ်မှာလည်း အခက်အခဲတွေ အများကြီးရှိတယ်လို့ ပြောပါတယ်။

“ရေမီးအစုံဖြစ်စေရမယ်ပြောပေမယ့် ရေတွေမလုံလောက်ဘူး။ မီးကတော့ ထားပါတော့၊ သုံးရေသောက်ရေတောင် လုံလုံလောက်လောက် မရဘူး။ ရေကန်ကြီးလုပ်ပေးတယ်၊ ရေကန်ကလည်း အပေါက်တွေနဲ့ လာထည့်ပေးတာလဲ ရေနောက်တွေ။ ရေနောက်တွေ ဘယ်လိုသောက်သုံးကြမလဲ။”

စီမံကိန်းကြောင့် ပြောင်းရွှေ့ရတဲ့ အိမ်ခြေ ၂ ထောင်ကျော်ရှိပြီး အိမ်ခြေတန်ဖိုးနဲ့ ညီမျှတဲ့ လျော်ကြေးကို အရစ်ကျ ထုတ်ပေးပေမယ့် အိမ်ဆောက်လိုသူ များတာကြောင့် အိမ်ဆောက်ပစ္စည်းနဲ့ လက်သမားခတွေ ဈေးတက်ကုန်ကြောင်း၊ ဒါကြောင့် ရှိတဲ့ငွေနဲ့ လောက်အောင် ဆောက်နေကြကြောင်း၊ ဆုံးရှုံးသွားတဲ့ သီးပင်စားပင်တွေအတွက် ၅ နှစ်စာ လျော်ပေးမယ်လို့ ပြောထားပေမယ့် ရှေ့ဆက် တသက်စာ လုပ်ကိုင်စားသောက်သွားဖို့ စိုက်ပျိုးမြေ အခက်အခဲတွေ ကြုံနေရတယ်လို့ သူက ဆက်ပြောပါတယ်။

အခုပြောင်းရွှေ့လာတဲ့နေရာဟာ တောင်ကုန်း၊ တောင်ကတုံးတွေဖြစ်တဲ့အတွက် မြေဆီလွှာညံ့ဖျင်းပြီး စိုက်ပျိုးရေးခက်ခဲတာက တကြောင်း၊ အရင်က လယ်ယာဟောင်းဟာလည်း စီမံကိန်းဧရိယာထဲ ပါသွားသလို မပါတဲ့နေရာတွေလည်း အိမ်နဲ့ အင်မတန် အလှမ်းဝေးသွားတယ်လို့ ဆိုပါတယ်။

“တောင်သူလယ်သမားကတော့ လယ်ယာမရှိဘူးဆို ဘာမှမတတ်နိုင်ဘူး။ အခုက တောင်ကုန်းမှာရောက်ရင် လက်ရှိ မြေကွက်၊ ပဲကွက်တို့ ဘာမှမရှိတော့ဘူး။ တောင်ကုန်းမှာ ထင်းခုတ်စားဖို့ အလှမ်းဝေးသွားပြီ။”

ပေါင်းလောင်းစီမံကိန်းကြောင့် လူပေါင်း ၈ ထောင်ကျော် ပြောင်းရွှေ့ရမှာဖြစ်သလို လယ်မြေဧကပေါင်း ၆ ထောင်ကျော် ရေလွှမ်းဧရိယာထဲ ပါမှာဖြစ်တဲ့အတွက် ရွာသားတွေရဲ့ နစ်နာဆုံးရှုံးမှုတွေနဲ့ ပတ်သက်ပြီး ကယန်းမျိုးဆက်သစ် လူငယ်အဖွဲ့က ပြီးခဲ့တဲ့နှစ်က ရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲတရပ် လုပ်ခဲ့သလို နိုင်ငံတော်သမ္မတကြီးဆီ လိပ်မူပြီးတော့ စာတစောင် ပေးပို့ခဲ့ပါသေးတယ်။

နေပြည်တော်အရှေ့ဘက်မိုင် ၂၀ ကျော်မှာရှိတဲ့  အထက်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းကို   မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက   ၂၀၀၄ ခုနှစ်က စတင်တည်ဆောက်နေတာဖြစ်ပြီး လာမယ့် ၂၀၁၄ - ၂၀၁၅ ခုနှစ်ထဲ အပြီးသတ်ဖို့ လျာထားကြောင်း၊ အဲဒီစီမံကိန်းကနေ ၁ နှစ်ကို လျှပ်စစ်ဓာတ်အား ပျမ်းမျှ ကီလိုဝပ် နာရီ သန်းပေါင်း ၄၅၄ သန်း ထုတ်ပေးနိုင်မယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013