A d v e r t i s e m e n t With Us

ကရင်အမျိုးသမီး ပစ်သတ်ခံရမှု ပွင့်လင်းမြင်သာစွာအရေးယူပေးရန် ရွှေကျင်မြို့နယ်၌ ဆန္ဒပြ

ကရင်အမျိုးသမီးတစ်ဦးကို တပ်မတော်သား နှစ်ဦးက  သေနတ်နဲ့ ပစ်သတ်ခဲ့တာနဲ့ ပတ်သက်လို့ ပွင့်လင်း​မြင်သာစွာအ​ရေးယူ​ပေးဖို့နဲ့ တပ်စခန်းတွေ ရုပ်သိမ်းပေးဖို့ ဒေသခံ ကရင်တိုင်းရင်းသားတွေက ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်မှာ သြဂုတ် ၆ ရက်​နေ့မနက်က  ဆန္ဒပြ တောင်းဆိုကြပါတယ်။ ​ပြည်သူ​တွေကိုကာကွယ်​ပေးဖို့ တပ်​တွေကိုချထားခဲ့တာလို့ သိရ​​ ကြားရ​ပေမယ့် ခုချိန်မှာ ​နော်မူး​နော်ကို ခမရ ၄၀၉ တပ်ရင်းက အပြစ်မဲ့အ​​ကြောင်းမဲ့သတ်သွားတာနဲ့ပတ်သက်ပြီး  ဆန္ဒထုတ်ဖေါ်ရတာဖြစ်တယ်လို့ ဆန္ဒ​ပြပွဲဦးဆောင်သူတစ်ဦးဖြစ်တဲ့ ကိုအောင်မိုးဇော်က ပြောပါတယ်။ ရွှေကျင်မြို့နယ်က ကျေးရွာ ၁၂ ရွာမှာရှိတဲ့ ကရင်တိုင်းရင်သား ၂၀၀ ကျော်က ကျေးရွာ ၄ ရွာ မှာလှည့်လည်​ပြီး ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖေါ်ကြတာဖြစ်​ပြီ အချက်ငါးချက်ကို အဓိက ထားတောင်းဆိုခဲ့တာဖြစ်တယ်လို့ ဆန္ဒပြရာမှာ ဦးဆောင်သူက ဦးကြည်ဝင်းက ပြောပါတယ်။ ဆန္ဒပြရာမှာ ကျေးရွာအုပ်ချုပ်​ရေးမှူးကိုသာ အသိ​ပေးအ​ကြောင်းကြားခဲ့ပြီး ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ကို ​မြို့နယ်အဖွဲ့ကို တင်ပြခဲ့​​ခြင်းမရှိတာ​​ကြောင့် တရားစွဲလာပါက လည်း ရင်ဆိုင်သွားမယ်လို့ ဆိုပါတယ်။ “ပထမကတော့ သူတို့ တား​မြစ်သေးတယ်​လေ။ ကျနော်တို့က အကျိုးအ​​ကြောင်း အဆိုး အကောင်း တင်ပြလိုက်တယ်။ အခုဟာက လုပ်ထား​ပြီးလည်း ​ဖြစ်​နေတဲ့အတွက်၊ ကျနော်တို့ အခု ဆန္ဒ​ပြုတာကလည်း ငြိမ်းချမ်းစွာ​ငြိမ်သက်​စွာဆန္ဒ​ပြုတဲ့အတွက် ခွင့်ပြု​ပေးပါလို့​တော့​ ပြောထားတယ်။” ဆန္ဒပြရာမှာ နော်မူးနော်နဲ့ တခြားသူတွေအား သတ်ဖြတ်မှုတွေကို ပွင့်လင်းမြင်သာစွာ အရေးယူပေးရေး၊ တိုင်းရင်းသားဒေသ ထိုးစစ်ဆင်ခြင်းနဲ့ သတ်​ဖြတ်​​ခြင်းများ ချက်ချင်းရပ်၊ လူ့အခွင့်အရေးချိုးဖောက်တာတွေ ချက်ချင်းအရေးယူပေး၊ စိုးရိမ်မှုကင်းမဲ့သော လူမှုဘဝ ရပ်တည်ဖို့ အစိုးရရဲ့ကတိကဝတ်များ ချက်ချင်းအကောင်အထည်ဖော်ပြ၊ ပြည်သူ့ဘဝလုံခြုံမှုရရှိဖို့ မြန်မာ့တပ်မတော်မှ ဒေသအတွင်းမှထွက်သွားပေးစတဲ့ ပိုစတာတွေ ကိုင်ဆောင်ပြီး စီတန်းလှည့်လည်ခဲ့ကြတာ ဖြစ်ပါတယ်။ ပဲခူးတိုင်းဒေသကြီး ကျောက်​ကြီးမြို့နယ်မှာလည်း  သြဂုတ်လ ၅ ရက်နေ့က ကရင်တိုင်းရင်းသား ၈၀၀ ကျော်က အလားတူ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဇူလိုင် ၂၂ ရက်နေ့က ကရင်ပြည်နယ်၊ ဖာပွန်(မူတြော်)ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ပိုလိုထကျေးရွာမှာ ကရင်အမျိုးသမီး နော်မူးနော်ကို တပ်မတော်သား ၂ ဦးက ပစ္စည်းလုပြီး ပစ်သတ်​ခဲ့တာ​ ဖြစ်ပါတယ်။ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ တပ်မတော်သား သန်းစိုးလွင်နဲ့ ဟိန်းမင်းထက်တို့ကို စစ်တရားရုံးက အမြင့်ဆုံး ပြစ်ဒဏ်ချမှတ်လိုက်တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါ တယ်။ သတင်း - နေလင်းထိုက်

A d v e r t i s e m e n t With Us

More News
Up