နိုင်လွတ်လုံဥပဒေကြမ်း ပြည်ထောင်စုလွှတ်တော်တွင် အဆုံးအဖြတ်ခံယူမည်
DVB
·
August 6, 2020
နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့်ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ (နိုင်လွတ်လုံ)ကို ပြင်ဆင်သည့် ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့ သဘောထားကွဲလွဲနေတာကြောင့် ပြည်ထောင်စုလွှတ်တော်မှာ အဆုံးအဖြတ်ခံယူရမှာ ဖြစ်ပါတယ်။
နိုင်လွတ်လုံဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှာ စတင်ဆွေးနွေးခဲ့တာ ဖြစ်ပြီး ပြင်ဆင်ချက်တွေနဲ့ အတည်ပြုခဲ့တာပါ။
ဒီဥပဒေကြမ်းကိုအမျိုးသားလွှတ်တော်မှာ ဆွေးနွေးအတည်ပြုရာမှာတော့ ပြည်သူ့ လွှတ်တော်က အတည်ပြုပေးလိုက်တဲ့အချက်တွေထဲကို ပြင်ဆင်ချက်တွေနဲ့ ပြန်လည်အတည်ပြုပြီး ပြည်သူ့လွှတ်တော်ထံ ပြန်လည်ပေးပို့ခဲ့တာဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီကတော့ အမျိုးသားလွှတ်တော်က ပြန်လည်ပေးပို့ လိုက်တဲ့ ပြင်ဆင်ချက်တွေကို သဘောမတူဘဲ ပြည်သူ့လွှတ်တော်ရဲ့ ယခင်အတည်ပြုချက်အတိုင်း ထားရှိရမယ့် အချက် ၅ ချက်ရှိတယ်လို့ ဆိုပါတယ်။
ဒီအချက် ၅ ချက်ကို ပြည်ထောင်စုလွှတ်တော်မှာတင်ပြပြီး အဆုံးအဖြတ်ရယူဖို့ကို ဩဂုတ် ၆ ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဆုံးဖြတ်လိုက်တာ လည်းဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီအတွင်းရေးမှူး ဦးကျော်စိုးလင်းက “အမျိုးသား လွှတ်တော်မှ ပြင်ဆင်သည့် အချက် ၅ ချက်ကို အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များအတိုင်း သဘောမတူဘဲ ပြည်သူ့လွှတ်တော်၏ အတည်ပြု ချက်အတိုင်းထားရှိမည်ဖြစ်သဖြင့် ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ သဘောထားကွဲလွဲခဲ့ကြပါတယ်။ သို့ဖြစ်ပါ၍ ထိုသို့သဘောထားကွဲလွဲတဲ့အချက် ၅ ချက်ကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ၍အဆုံးအဖြတ်ရယူသင့်ပါကြောင်း ၂၀၁၃ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉၅၊နည်းဥပဒေခွဲ (က) အရလွှတ်တော်သို့လေးစားစွာ အဆိုတင်သွင်းအပ်ပါ တယ်” လို့ ပြည်သူ့လွှတ်တော်မှာ အဆိုတင်သွင်းခဲ့ပါတယ်။
နိုင်လွတ်လုံဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး အဓိကဆက်နွှယ်နေတဲ့ ပြည်ထဲရေးဝန်ကြီးဌာနကလည်း ပြည်သူ့လွှတ်တော်ရဲ့ ပြင်ဆင်ချက်အတိုင်းဆောင်ရွက်ဖို့ ကိုသဘောတူခဲ့ပါတယ်။
ဒါကြောင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပြည်ထောင်စုလွှတ်တော်မှာ ဆက်လက်ဆောင်ရွက်ဖို့အတွက်တင်ပြမှာဖြစ်ကြောင်းနဲ့ လွှတ်တော်နည်းဥပဒေတွေနဲ့အညီ ဆက်လက်ဆောင်ရွက်မယ်လို့ အစည်းအဝေးအတွင်း ကြေညာခဲ့ပါတယ်။
နိုင်လွတ်လုံ ဥပဒေဟာ နိုင်ငံရေးလှုပ်ရှားသူတွေအပါအဝင် ပြည်သူလူထုကို အာဏာပိုင်တွေက တရားလက်လွတ်ဖမ်းဆီးတာတွေ မလုပ်ဖို့ ရည်ရွယ်ပြီး လက်ရှိ အန်အယ်လ်ဒီ အစိုးရလက်ထက်မှာ ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဥပဒေကိုသုံးပြီး တပ်မတော်က တောင်သူ လယ်သမားတွေကို တရားစွဲတဲ့ အမှုတွေရှိခဲ့ပါတယ်။
သတင်း - ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)