A d v e r t i s e m e n t With Us

ရွေးကောက်ပွဲတွင် ပြည်သူ့ပါတီက တောင်ကြီးနှင့်နောင်ချို ၂ မြို့နယ်သာ ဝင်ပြိုင်မည်

ရှမ်းပြည်နယ်တခုလုံးမှာ ပြည်သူ့ပါတီက တောင်ကြီးမြို့နဲ့ နောင်ချိုမြို့ မြို့နယ်နှစ်ခုမှာသာ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။ တောင်ကြီးမြို့နယ်ကို ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၂ နေရာ၊ ပြည်သူ့လွတ်တော် ၁ နေရာနဲ့ နောင်ချိုမြို့နယ်မှာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၂ နေရာ ဝင်ရောက်အရွေးခံသွားမယ်လို့ ပြည်သူ့ပါတီ ရှမ်းပြည်နယ် အတွင်းရေးမှူး ဦးဝင်းကိုကိုက ပြောပါတယ်။ “ပထမတုန်းက ရှမ်းပြည်နယ်မှာ ဝင်ပြိုင်ဖို့ အစီအစဉ်မရှိဘူး၊ ဒါပေမယ့် မဟာမိတ်တိုင်းရင်းသားပါတီတွေက အထင်ကရဒေသမှာ ဝင်ပြိုင်ပေးဖို့ ကမ်းလှမ်းလာတဲ့အတွက် တိုင်းရင်းသား မလွှမ်းမိုးတဲ့ မြို့ကြီးတွေအားလုံး စဉ်စားခဲ့တယ်။ ဒါပေမဲ့ ကိုယ်စားလှယ် လောင်း ရွေးချယ်မှု အခက်အခဲကြောင့် တောင်ကြီး နဲ့ နောင်ချိုကို ပြိုင်ရတာဖြစ်ပါတယ်။” ပြည်သူ့ပါတီအနေနဲ့ ဖက်ဒရယ်ပြည်ထောင်စုကို အခြေခံတဲ့မူဖြစ်တဲ့အတွက် တိုင်းရင်းသား အရေးကို ဦးစားပေးပြီး တိုင်းရင်းသားပါတီအောင်နိုင်ရေးကို ဝန်းရံသွားမယ်လို့ ဦးဝင်းကိုကိုက ပြောပါတယ်။ “ကျနော်တို့ ရှမ်းပြည်နယ်အတွက် ရပ်တည်ချက်ကတော့ တိုင်းရင်းသားပါတီတွေကို ဝန်းရံမယ်၊ ဖက်ဒရယ်ပြည်ထောင်စု ရရှိရေးအတွက် ပထမခြေလှမ်းအနေနဲ့ တိုင်းရင်းသား ပါတီတွေ အောင်နိုင်ခဲ့ရင် ပူးပေါင်းဆောင်ရွက်တတ်တဲ့ ဓလေ့ကို ကျနော်တို့က ပါဝင်ကူညီအားဖြည့်မယ်လို့ စဉ်စားထားတယ်။” ရှမ်းပြည်နယ်မှာ ပြည်သူ့ပါတီအနေနဲ့ NLD၊ USDP၊ PNO ပါတီတွေကို မဟာမိတ်ပူးပေါင်းထားခြင်းမရှိဘဲ ကျန်တဲ့ တိုင်းရင်းသားပါတီနဲ့ မဟာမိတ်အောင်နိုင်ရေး ဆွေးနွေးထားတယ်လို့ ဆိုပါတယ်။ ရှမ်းပြည်နယ်မှာ ဝင်ပြိုင်မယ့် ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်းတွေဟာ ရွေးကောက်ပွဲ ကော်မရှင်ထံ အမည်စာရင်းတင်သွင်းပြီးပြီ ဖြစ်ပါတယ်။ ခွန်ရာဇာ

A d v e r t i s e m e n t With Us

More News
Up