Homeမြန်မာသတင်း
ဓာတ်ခွဲနမူနာ ၅၉၅ ခုတွင် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့၊ ဆေးရုံဆင်းခွင့်ပြုခဲ့ပြီးသူ ၂၈၉ ဦးရှိ
ဓာတ်ခွဲနမူနာ ၅၉၅ ခုတွင် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့၊ ဆေးရုံဆင်းခွင့်ပြုခဲ့ပြီးသူ ၂၈၉ ဦးရှိ
DVB
·
August 6, 2020
သြဂုတ် ၅ ရက်နေ့အတွက် ဒုတိယသုတ်အဖြစ် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၅၉၅ ခုကို စစ်ဆေးချက်အရ ကိုဗစ်-၁၉ ရောဂါ လူနာသစ် မတွေ့ရှိဘူးလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။
မနေ့ညက ဓာတ်ခွဲနမူနာ ၉၆၇ ခုကို ပထမသုတ်အဖြစ် စစ်ဆေးပြီးခဲ့ရာမှာတော့ အိန္ဒိယနိုင်ငံက ပြန်လာတဲ့ အမျိုးသားတစ်ဦးမှာ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
အဆိုပါလူနာသစ်ကတော့ ချင်းပြည်နယ် တီးတိန်မြို့နယ်နေ အသက် ၁၉ နှစ်အရွယ် အမျိုးသား တစ်ဦးဖြစ်ပြီး တွန်းဇံမြို့နယ်မှာ အသွားအလာစောင့်ကြပ်ခံထားရသူဖြစ်ပါတယ်။
ဩဂုတ် ၆ ရက် မနက် ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း ၃၅၇ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၃၀၅ ဦးပြီး ဒီအထဲက ၂၈၉ ဦးကို ဆေးရုံမှ ဆင်းခွင့်ပြုပြီးဖြစ်ပါတယ်။
ဩဂုတ် ၅ ရက် နေ့လယ်ပိုင်းအထိ စောင့်ကြည့်လူနာသစ် ၂၄ ဦးရှိတယ်လို့ သိရပါတယ်။
ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၈.၉၅ သန်းကျော်၊ သေဆုံးသူ ၇၁၀၀၀၀ ကျော်နဲ့ ရောဂါပိုးကင်းစင်လာသူ ၁၂ သန်းကျော်ရှိတယ်လို့ သိရပါတယ်။