A d v e r t i s e m e n t With Us

အကြီးစားပေါက်ကွဲမှုဖြစ်ပြီးနောက် လက်ဘနွန်နိုင်ငံ၌ အရေးပေါ်အခြေအနေ ကြေညာ

လက်ဘနွန်နိုင်ငံရဲ့ မြို့တော်ဘေရွတ်မှာ အကြီးစားပေါက်ကွဲမှုအပြီး သီတင်းပတ် ၂ ပတ်ကြာ အရေးပေါ် အခြေအနေကို သမ္မတ မီရှဲယာလွန်က သြဂုတ် ၄ ရက်မှာ ကြေညာလိုက်ပါတယ်။  အစိုးရအဖွဲ့ အရေးပေါ်အဖွဲ့အစည်းအဝေးကိုလည်း သြဂုတ် ၅ ရက်မှာ ကျင်းပဖို့ ခေါ်ဆိုလိုက်ပါတယ်။ လတ်တလောနှစ်တွေအတွင်း အပြင်းထန်ဆုံး ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ မြို့တော် ဘေရွတ်မှာ လုံခြုံရေးကို ကြီးကြပ်ဖို့ စစ်တပ်ကို တာဝန်ချထားပေးဖို့ လက်ဘနွန် ကာကွယ်ရေးကောင်စီက သြဂုတ် ၄ ရက်မှာ ထောက်ခံချက်ပေးလိုက်ပါတယ်။ မြို့တော်အတွင်း သီတင်းပတ် ၂ ပတ်ကြာ အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီး မြို့တော်တွင်း လုံခြုံရေးတာဝန်ကိုလည်း စစ်အာဏာပိုင်တွေကို လွှဲပေးလိုက်ပါတယ်။ သမ္မတကလည်း ၂၀၂၀ ဘတ်ဂျက်ကနေ အရေးပေါ် အခြေအနေကို ကိုင်တွယ်ဖို့ လက်ဘနွန် ပေါင်ငွေ ဘီလီယံ ၁၀၀ ချထားပေးဖို့ ဆုံးဖြတ်ခဲ့တယ်ဆိုတဲ့ ကောင်စီ ကြေညာချက်ကို ရုပ်သံကနေ တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့မှာ အစိုးရအဖွဲ့အစည်းအဝေး ကျင်းပကာ ကော်မတီက ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့၊ ၅ ရက်အတွင်း တွေ့ရှိချက်တွေကို အစီရင်ခံစာတင်ဖို့နဲ့ တာဝန်ရှိသူတွေကို အမြင့်ဆုံး ပြစ်ဒဏ်ပေးဖို့ကိုလည်း အထူးကာကွယ်ရေးကောင်စီက ညွှန်ကြားထားပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ဒီပေါက်ကွဲမှုကြောင့် ထိခိုက် သေဆုံးသူတွေကို စာနာကြောင်း သတင်းစကား ပေးပို့ခဲ့တယ်လို့ သြဂုတ် ၄ ရက်က ပြောရင်း အမေရိကန် အစိုးရရဲ့ အကူအညီတွေကို ကမ်းလှမ်းခဲ့ပါတယ်။ လက်ဘနွန်နိုင်ငံကို ကူညီဖို့ အမေရိကန်က အသင့်ရပ်တည်နေတယ်လို့ အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ ထရမ့်က ပြောလိုက်တာပါ။ ပေါက်ကွဲမှုပုံစံကို ကြည့်ရတာ ဆိုးရွားတဲ့ တိုက်ခိုက်မှုနဲ့ တူနေတယ်လို့လည်း ထရမ့်က ပြောခဲ့ပါတယ်။ အစ္စရေး၊ အီရန်၊ ပြင်သစ်နဲ့ ဗြိတိန်နိုင်ငံခေါင်းဆောင်တွေကလည်း လက်ဘနွန် ပြည်သူတွေကို သူတို့ ပံ့ပိုးမယ်လို့ တွစ်တာလူမှုကွန်ရက်ပေါ်မှာ ပြောပါတယ်။ ပေါက်ကွဲမှုကြောင့် အနည်းဆုံးလူ ၇၈ ဦးသေဆုံးထားပြီး ၄,၀၀၀ နီးပါး ဒဏ်ရာရထားတယ်လို့ လက်ဘနွန် ကျန်းမာရေးဝန်ကြီးရဲ့ ပြောဆိုချက်ကို  ကိုကားပြီး  ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up