Home
မြန်မာသတင်း
ထိုင်းတွင် မတော်တဆ သေကျေဒဏ်ရာရ အလုပ်သမားများကို မြန်မာသံရုံးကူညီ
နန်းမြနဒီ
·
June 5, 2013
ခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ကျောက်တောင်ပြိုကျမှုနဲ့ လှေမှောက်မှုတွေမှာ သေကျေဒဏ်ရာရခဲ့တဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက တာဝန်ရှိသူတွေ သွားရောက်ကူညီခဲ့ပါတယ်။ ထိုင်းနိုင်ငံ အနောက်ပိုင်း ဖစ်ခ်ျပူရီခရိုင် ခေါဝ်ယွဲ့မြို့နယ်မှာ ဇွန် ၃ ရက်နေ့က  ကျောက်တောင်ပြိုကျလို့ သေဆုံးဒဏ်ရာရခဲ့တဲ့ မြန်မာအလုပ်သမားနဲ့ ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင် ပါချန့်မြစ်ထဲမှာ မေ ၃၁ ရက်နေ့က လှေမှောက်ရာမှာ ပါဝင်ခဲ့တဲ့ အလုပ်သမားတွေကို သွားရောက်ကူညီခဲ့တယ်လို့ ဘန်ကောက်အခြေစိုက် မြန်မာသံရုံးက ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ သံတမန်အရာရှိ ဦးကျော်ကျော်လွင်က ဒီဗွီဘီကို ပြောပါတယ်။ “အခု ကျောက်တုံးပိတဲ့ အလုပ်သမားဆီရောက်နေတယ်။ နိုင်ငံတော်က လမ်းညွှန်ထားတဲ့အတိုင်း သူ့ကိုထောက်ပံ့ကြေးပေးမယ်။ လျော်ကြေးပေးရမယ်။ သေသွားတဲ့ အလုပ်သမားမိသားစုကို ဆက်သွယ်နေတုန်း။ လျော်ကြေးက ဒဏ်ရာပေါ် မူတည်ပြီး ပေးခဲ့မယ်။ ကျနော်တွေ့ခဲ့တဲ့ ကိုနိုင်နိုင်ဆို လက်ပဲထိတော့ ဘတ် ၃၀၀၀ ပေးခဲ့မယ်။ သတ်မှတ်ထားတဲ့ ၁၀၀၀နဲ့ ၁၀,၀၀၀ ကြားသတ်မှတ်ထားတာ။ သေရင် ၁၀,၀၀၀။ မိသားစုတွေကို ထောက်ပံ့ကြေး ၁သောင်းပေးဖို့ လိုက်လုပ်နေတယ်။” ဒဏ်ရာရသူ နောက်တဦးဖြစ်တဲ့ ဦးဝင်းရှိန်ကတော့  နောက်ကျော၊ ရင်ဘတ်နဲ့ မျက်စိတွေ ပါ ထိခိုက်ခဲ့တဲ့အတွက် ဘတ်ငွေ ၄  ထောင် ထောက်ပံ့ပေးခဲ့တယ်လို့ ဦးကျော်ကျော်လွင်က ပြောပါတယ်။ ကျောက်ပုံတွေကြား သေဆုံးခဲ့တဲ့ မြန်မာအလုပ်သမား ၂ ဦးထဲက ဦးမင်းအောင်ရဲ့ အလောင်းကိုပဲ တွေ့ရှိပြီး စိုင်းမင်းယုရဲ့ အလောင်းကိုတော့ ဒီနေ့ထိ ရှာမတွေ့သေးဘူးလို့ ဆိုပါတယ်။ အဲဒီကျောက်ခွဲလုပ်ငန်း ကုမ္ပဏီမှာ မြန်မာနိုင်ငံ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းက လာတဲ့ အလုပ်သမား စုစုပေါင်း ၇ ဦးရှိပြီး ကျောက်တောင်ပြိုမှုကြောင့် ၂ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။ ဒါအပြင် ပြီးခဲ့တဲ့ မေ ၃၁ ရက်နေ့က ထိုင်းနိုင်ငံထဲကို ခိုးဝင်ဖို့ ကြိုးစားရာမှာ  ရနောင်းမြို့နယ် ပါချန့်မြစ်ထဲ   လှေမှောက်ပြီး သေဆုံးသွားတဲ့သူတွေရော၊ အဖမ်းခံထားရသူတွေပါ သွားကြည့်ခဲ့တယ်လို့ ဦးကျော်ကျော်လွင်က ပြောပါတယ်။ “လှေပေါ်က အလုပ်သမားတွေကတော့ ဒီနေ့ ၁၁ နာရီကစပြီး ပြန်ပို့ဖို့ လုပ်နေတယ်။ အထောက်အထားစာရွက်တွေ မပြည့်စုံသေးလို့ ခုထိမပို့သေးဘူး။ နက်ဖြန် မနက်လောက် ညှိပြီး ပြန်ပို့ပေးမယ်။ ကျနော်တို့ဆီကနေ ၀န်ထမ်းတွေကို လွှတ်ပြီး သွားကြည့်ခိုင်းထားတယ်။ အခြေခံလိုအပ်ချက်တွေ ဖြည့်ဆည်းပေးတာပေါ့။ အခုအဲမှာ အစားအသောက်နဲ့ အ၀တ်အစားလိုတယ်ဆိုလို့ သွားပေးအပ်လိုက်ပါတယ်။” သေဆုံးသူ ၁၂ ဦးကို ထိုင်းတာဝန်ရှိသူတွေက  ဇွန် ၄ ရက်နေ့က သင်္ဂြိုဟ်ခဲ့ပြီး  အဖမ်းခံရသူပေါင်း ၃၈ ဦးကိုတော့ မြန်မာဘက်ခြမ်းကို အဆင်ပြေပြေ ပြန်ရောက်ဖို့ သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ မနေ့က ၁၁ ဦး  မြန်မာဘက်ခြမ်းကို ပို့ဆောင်ပြီးဖြစ်ပြီး နောက်ထပ် ၂၇ ဦးကတော့ စာရွက်စာတမ်းတွေ ပြင်ဆင်နေဆဲမို့ မနက်ဖြန်မှ ပို့ဆောင်နိုင်မယ်လို့ သူက ဆက်ပြောပါတယ်။ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ပြသနာအခက်အခဲရှိရင် ဘန်ကောက်အခြေစိုက် မြန်မာသံရုံးရှိ ရွှေ့ပြောင်းအလုပ်သမားရေးရာဌာန ဖုန်းနံပါတ် +၆၆  ၈၆ ၇၇၄ ၆၈၂၅  ကို ဆက်သွယ်နိုင်တယ်လို့ ဦးကျော်ကျော်လွင်က ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024