ဆူဒန်မှ ပြန်လာသည့် အသက် ၁၅ နှစ်အရွယ် မိန်းကလေး ၁ ဦးတွင် ကိုဗစ်-၁၉ ရောဂါတွေ့ရှိ
DVB
·
August 5, 2020
ဆူဒန်နိုင်ငံက ပြန်လာတဲ့ မိန်းကလေးတစ်ဦးမှာ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိရပြီး မြန်မာနိုင်ငံတဝန်းမှာ အတည်ပြုလူနာပေါင်း ၃၅၆ ဦးရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့မနက် ထုတ်ပြန်ချက်အရ သိရပါတယ်။
အဆိုပါလူနာသစ်တစ်ဦးကတော့ မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်နေ အသက် ၁၅ နှစ်အရွယ် မိန်းကလေးတဦးဖြစ်ပြီး မင်္ဂလာဒုံမြို့နယ်မှာ အသွားအလာကန့်သတ် quarantine ထားရှိခံနေရသူဖြစ်ပါတယ်။
ဩဂုတ် ၄ ရက်နေ့အတွက် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ဒုတိယအသုတ်) ဓာတ်ခွဲ နမူနာ ၂၆၃ ခုကို စစ်ဆေးပြီးစီးခဲ့ရာမှာ လူနာသစ် တစ်ဦးတွေ့ခဲ့ရတာ ဖြစ်ပါတယ်။
မနေ့ညကတော့ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ ၂၈၁ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ ၂၀၄ ခု စုစုပေါင်း ၄၈၅ ခုကို စစ်ဆေးပြီးစီးခဲ့ရာ အတည်ပြုလူနာသစ် မတွေ့ရှိပါဘူး။
မြန်မာနိုင်ငံမှာ ဩဂုတ် ၅ ရက်မနက် ၈ နာရီအထိ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုလူနာပေါင်း ၃၅၆ ဦး၊ သေဆုံးသူ ၆ ဦး၊ နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ ၃၀၂ ဦးရှိပြီး ဒီအထဲက ၂၈၇ ဦးကို ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ စောင့်ကြည့်လူနာအသစ် ၉ ဦးရှိပါတယ်။