DVB Logo
Home
မြန်မာသတင်း
စစ်ပွဲကြောင့် လူကုန်ကူးမှု ပြဿနာကို ပိုမို ကြီးမား
DVB
·
June 5, 2013
Donate to DVB

ကချင်ဒေသတွင်းဖြစ်ပွားနေတဲ့ မြန်မာအစိုးရရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေဟာ တရုတ်-မြန်မာနယ်စပ်တလျှောက် လူကုန်ကူးမှုပြဿနာကို ပိုမိုကြီးထွားစေတယ်လို့ ကချင်အမျိုးသမီးအဖွဲ့က ပြောပါတယ်။

ကချင် အမျိုးသမီးများအစည်းအရုံး (ထိုင်းနိုင်ငံ) (KWAT)ရဲ့ ဇွန်လ ၅ ရက်နေ့ ထုတ်ဝေတဲ့ “ချောက် ကမ်းပါးစွန်းသို့ တွန်းပို့ခံရခြင်း” အစီရင်ခံစာကနေ အခုလို ထောက်ပြဝေဖန်လိုက်တာလည်း ဖြစ်ပါတယ်။

လူကုန်ကူးခံရသူအများစုဟာ စစ်ပြေးဒုက္ခသည် အမျိုးသမီးငယ်တွေနဲ့ မိန်းကလေးများ ဖြစ်ကြပြီးတော့ လိမ်လည်လှည့်ဖျားခံရသလို မူးယစ်ဆေးထိုး မုဒိမ်းကျင့်ခံရရုံသာမက တရုတ်အမျိုးသားများ၊ တရုတ်မိသားစုများဆီကို ဇနီးမယားအဖြစ် (သို့) အလုပ်သမားအဖြစ် တယောက်ကို ယွမ် ၄၀,၀၀၀ (အမေရိကန်ဒေါ်လာ၆,၅၀၀ ခန့်) နဲ့ ရောင်းစားခံရတယ်လို့ ဆိုပါတယ်။

ကချင်လွတ်လပ်ရေးတပ်ဖွဲ့နဲ့ အစိုးရတပ်တို့ရဲ့ ၂ နှစ်တာ စစ်ပွဲကြောင့် ပြည်သူ ၁ သိန်းကျော် နေရပ်ဒေသကို စွန့်ခွာခဲ့ရသလို ဒုက္ခသည်တွေကို အကာအကွယ်ပေးဖို့ ကင်းမဲ့တာ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပြတ်လပ်တာတွေ မဖြေရှင်းနိုင်သေးတာဟာ တရုတ်နိုင်ငံကို ကချင်အမျိုးသမီးတွေ လူကုန်ကူးခံနေရမှု ပြဿနာကို ပိုမိုအားမြှင့်ပေးနေတယ်လို့ အစီရင်ခံစာက ရေးပါတယ်။

ဒီအစီရင်ခံစာ ထုတ်ပြန်ရတာနဲ့ ပတ်သက်ပြီးတော့ KWATက အထွေထွေအတွင်းရေးမှူး ဆိုင်းရှန်က အခုလို ပြောပါတယ်။

“အဓိကက ကချင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေကို မီးမောင်းထိုးပြချင်တာ။ နောက် စီးပွားရေးအခက်အခဲတွေဖြစ်လာတဲ့အခါ လူကုန်ကူးမှုပိုဖြစ်စေတယ် ဆိုတဲ့ အချက်၊ နောက် နိုင်ငံတကာကို သိစေချင်တယ်၊ ဘာလို့ဆိုတော့ မြန်မာနိုင်ငံမှာ သူတို့ ရင်းနှီးမြှုပ်နှံမှုတွေလုပ်လာတယ်။ အစိုးရက တဖက်မှာ တံခါးဖွင့်ပြီပြောပေမယ့် ပြဿနာတွေက မပြေလည်သေးဘူး။ အဲတော့ လူကုန်ကူးမှုတွေဖြစ်အောင် ပိုတွန်းပို့နေတဲ့ အခြေအနေပေါ်မှာ နိုင်ငံတကာအစိုးရတွေ၊ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ သူတို့ရဲ့ ပေါ်လစီကို ပြန်သုံးသပ်ဖို့ပေါ့။ ကျမတို့အစိုးရကိုလည်း သိစေချင်တာက စစ်ဖြစ်တာကြောင့် တိုင်းသူပြည်သားတွေ ဘယ်လောက်ဒုက္ခရောက်တယ်၊ ဘယ်လိုအခြေအနေတွေ ရင်ဆိုင်နေရတယ်ဆိုတာ သိစေချင်တယ်။ နောက် ကချင်အဖွဲ့အစည်းတွေကိုလည်း ဆိုးကျိုးတွေဘာတွေရှိတယ်ဆိုတာ အသိပေးချင်တာပေါ့။”

မြန်မာအစိုးရရဲ့ “လူကုန်ကူးမှုဆန့်ကျင်ရေးအထူးလုပ်ငန်းအဖွဲ့များ”မှာလည်း တရုတ်-ကချင် နယ်စပ်တွေမှာ အလုပ်မဖြစ်ဘူးလို့လည်း ထုတ်ပြန်ချက်က ဝေဖန်ထားပါတယ်။

တိုက်ပွဲတွေစဖြစ်ချိန်ကစပြီး လူကုန်ကူးမှု (သို့) လူကုန်ကူးမှုမြောက်နိုင်ဖွယ်ရှိသော ဖြစ်ရပ်ပေါင်း ၂၄ ခုကို ဒီအစီရင်ခံစာက စုစည်းထားတာဖြစ်ပြီးတော့ ဖြစ်ပွားနေတဲ့နေရာတွေမှာ သူတို့ရဲ့အဖွဲ့တွေက အချက်အလက်တွေကို ကောက်ခံခဲ့တာလို့လည်း ဆိုပါတယ်။

တရုတ်နိုင်ငံမှာ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုမခံရတဲ့ ကချင်စစ်ပြေးဒုက္ခသည် အများစုဟာ နယ်စပ်တလျှောက်ရှိ ဒုက္ခသည်စခန်းတွေမှာ ကျပ်တည်းစွာ ခိုလှုံနေရသလို နိုင်ငံတကာ အထောက်အပံ့ကလည်း မရှိသလောက် နည်းပါးတဲ့အတွက် ဒုက္ခသည်အများစုဟာ ၀င်ငွေရရှိဖို့အတွက် တရားမ၀င် နယ်စပ်ဖြတ်ကူးနေရတာတွေကလည်း လူကုန်ကူးခံရတဲ့ အခြေအနေကို ဆိုက်ရောက်စေတယ်လို့ ဆိုပါတယ်။

စစ်ပွဲတွေရပ်စဲပြီးတော့ နိုင်ငံရေးအရ ဆွေးနွေးတာတွေ လုပ်ဆောင်ဖို့ ကချင်စစ်ပြေးဒုက္ခသည်တွေ အရေးပေါ်လိုအပ်နေတဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပြန်ပေးဖို့နဲ့ ဖြစ်ပွားနေတဲ့ လူကုန်ကူးမှု ပြဿနာများကို ခြုံငုံသုံးသပ်ပြီးတော့ ထိထိရောက်ရောက်ကိုင်တွယ်ဖို့လည်း KWATက နိုင်ငံတကာကို တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013