မင်းလှမြို့တွင် အမျိုးသား ၁ ဦး ဆိုင်ကယ်နှင့်အတူ ရေတွင်းထဲပြုတ်ကျ သေဆုံး
DVB
·
August 4, 2020
မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့မှာ သြဂုတ်လ ၄ ရက် မနက်ပိုင်းက အမည်မသိ အမျိုးသားတစ်ဦး ဆိုင်ကယ်တစ်စီးနဲ့ အတူ သောက်သုံးရေတွင်းထဲ ပြုတ်ကျသေဆုံးနေတယ်လို့ မင်းလှမြို့နယ် ရဲတပ်ဖွဲ့ကနေ သိရပါတယ်။
မင်းလှမြို့ ရုံးရပ်ကွက်မြောက်ပိုင်း သာသနာ့ဗိမ္ဗာန်လမ်းနဲ့ စက်မှုမေတ္တာလမ်းဆုံမှာရှိတဲ့ အများသုံးသောက်ရေတွင်းထဲမှာ အမျိုးသား တစ်ဦး ဆိုင်ကယ်တစ်စီးနဲ့ အတူပြုတ်ကျသေဆုံးနေတဲ့အကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးက သတင်းပို့လာတာလို့ မင်းလှမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး မင်းအောင်က ပြောပါတယ်။
အခင်းဖြစ်နေရာကို မင်းလှမြို့ မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေ မင်းလှမြို့နယ်မီးသတ်ဦးစီးမှူး နဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ သွားရောက် ဆယ်ယူခဲ့ရာ HONDA-125 အပြာရောင်ဆိုင်ကယ်တစ်စီးနဲ့အတူ ဒဏ်ရာတွေရရှိကာ သေဆုံးနေတာတွေ့ရလို့ မင်းလှမြို့နယ် ပြည်သူ့ဆေးရုံကို ရဲဆေးစာနဲ့ပို့ဆောင်ပေးခဲ့တယ်လို့လည်း ဒုရဲမှူးက ပြောပါတယ်။
ယာဉ် မဆင်မခြင်မောင်းနှင်ပြီး ရေတွင်းထဲပြတ်ကျသေဆုံးသူကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄ (က)နဲ့ အမှုဖွင့်ထားပြီး အမည်နဲ့ နေရပ်လိပ်စာကို စုံစမ်းနေတယ်လို့ သိရပါတယ်။
သတင်း-မင်းထီး