
မြန်မာနိုင်ငံမှာ အနည်းဆုံး အခကြေးငွေဥပဒေ အာဏာတည်တဲ့နေ့အဖြစ် မနေ့က သတ်မှတ်လိုက်ပြီးနောက် အကောင်အထည်ဖော်မယ့် နည်းဥပဒေမှာ ထည့်သွင်းရမယ့်အချက်တွေကို သက်ဆိုင်ရာနယ်ပယ်အသီးသီးက ထောက်ပြထားပါတယ်။
တော်ဝင်ဆောက်လုပ်ရေးကုမ္ပဏီရဲ့ လုပ်ငန်းရှင်တဦးဖြစ်တဲ့ ဦးကိုကိုထွေးက “အနည်းဆုံးလစာဆိုတာ ပေးနိုင်တဲ့လူတွေပေါ် မျှပြီး စဉ်းစားမှရတာ။ ဘယ်လုပ်ငန်းတွေက များသလဲပေါ့။ ဥပမာ လုပ်ငန်းကဏ္ဍပေါင်း ၁ သိန်းရှိတယ်၊ ၂ ထောင်လောက် မပေးနိုင်တာ ထည့်မတွက်ဘဲ သူတို့ကို လျစ်လျူရှုမယ်။ ကျန်သူတွေက ပေးရမယ်ဆိုရင် အဆင်ပြေတာပေါ့။ လုပ်ငန်း ၁ သိန်းမှာ ၁ သောင်းက ပေးနိုင်တယ်၊ ၉ သောင်းက မပေးနိုင်ဘူးဆိုရင် အဲဒါကို လုပ်ခလစာ ၅၀၀၀ သတ်မှတ်တာနဲ့ အကုန်လုံး ကျန်တဲ့ ၉ သောင်း အလုပ်ပြုတ်ပြီး ပြဿနာတက်မယ်။ အလုပ်သမားတွေကလည်း သူတို့ကို လစာ ၅၀၀၀ အနည်းဆုံးပေးရမယ်ဆိုရင် လိုချင်မှာပဲလေ။ လိုချင်တော့ တောင်းမယ်၊ မရရင် ဆန္ဒပြမယ်၊ အလုပ်တွေရပ်ကုန်မယ်။ ပြီးတော့ မပေးနိုင်ရင် အလုပ်ရှင် နေရင်းထိုင်ရင်း အလုပ်ပိတ်ရမယ်” လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ အလုပ်သမားတွေရဲ့ အနည်းဆုံးလုပ်ခလစာကို ဘယ်လောက်သက်မှတ်သင့်တယ်ဆိုတာ ပြည်သူ့လွှတ်တော်အမတ်တဦးဖြစ်တဲ့ ဦးသိန်းညွန့်က အခုလိုပြောပါတယ်။
“ဖြစ်နိုင်ရင် အနိမ့်ဆုံး ၅၀၀၀ သတ်မှတ်သင့်တယ်လို့ ကျနော်က ယူဆတယ်။ အခု နည်းဥပဒေထွက်လာတဲ့အပေါ်မှာ တကယ်လို့ အဲဒီ နှုန်းထားအတိုင်းမရဘူးဆိုရင်တော့ လွှတ်တော်မှာလိုအပ်သလို ဆောင်ရွက်ပေးရမှာပေါ့။ အခြေအနေနဲ့ ကိုက်ညီပြီးတော့ အလုပ်သမားတွေရဲ့ မိသားစုဘ၀ကို လူလိုသူလို အသက်ရှင်နိုင်ဖို့ အခွင့်အလမ်းရစေချင်တယ်။”
အနည်းဆုံးအခကြေးငွေဥပဒေ အာဏာတည်ပြီးနောက် အကောင်အထည်ဖော်ဖို့ နည်းဥပဒေအမြန်ထွက်ပေါ်လာရေးကို သက်ဆိုင်ရာအစိုးရအဖွဲ့ထံ ဆက်လက်တောင်းဆိုသွားမယ်လို့ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ ဒေါ်သက်သက်အောင်က ပြောပါတယ်။
“အခုက ဥပဒေထွက်လာတယ်၊ ဒီဥပဒေတည်ဖို့အတွက် နည်းဥပဒေဆက်ထွက်ဖို့ လိုတယ်။ အမြန်ဆုံး နည်းဥပဒေထွက်လာဖို့ ကျမတို့ အမြဲပြောနေသလို အနိမ့်ဆုံးအခြေခံလစာ ပေါ်ထွက်ရေး ဥပဒေပြဋ္ဌာန်းဖို့ လိုအပ်နေပါတယ်လို့။ အမြန်ဆုံးပေါ်ထွက်လာအောင် နည်းဥပဒေ မကြန့်ကြာဘဲ အမြန်ပေါ်ထွက်လာဖို့ လွှတ်တော်ကိုရော အစိုးရကိုရော တိုက်တွန်းချင်ပါတယ်။”











