ကိုဗစ်-၁၉ ကပ်ဘေးကနေ ပုံမှန်ပြန်ဖြစ်ရန် ခရီးရှည်လျှောက်ရဦးမည်ဟု WHO ပြော

ကိုဗစ်-၁၉ ကူးစက်ကပ်ဘေးအတွက် ငွေကျည်ဆန် ဘယ်တော့မှ ရှိမှာမဟုတ်ဘဲ ပုံမှန်လမ်းကို ပြန်ရောက်ဖို့ ခရီးရှည်လျှောက်ရဦးမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က သြဂုတ် ၃ ရက်မှာ သတိပေးလိုက်ပါတယ်။ သြဂုတ် ၃ ရက်အထိ အတည်ပြုချက်အရ ကမ္ဘာတဝန်းမှာ လူ ၁၈ ဒသမ ၁၄ သန်း ဗိုင်းရပ်စ် ကူးစက်ခံထားရပြီး လူပေါင်း  ၆၈၈,၀၀၀ ကျော် သေဆုံးခဲ့ပြီးပြီလို့ ရိုက်တာသတင်းဌာနက ရေးပါတယ်။ တချို့နိုင်ငံတွေကတော့ အဆိုးဆုံးအခြေအနေကို ကျော်ဖြတ်ပြီး ပြန်နာလန်ထလာခဲ့ကြပါပြီ။ ပါးစပ် နှာခေါင်းစည်းတွေကို ဝတ်ဖို့၊ လူချင်းခွာနေဖို့နဲ့ လက်ဆေးဖို့၊ ဗိုင်းရပ်စ် ရှိ၊ မရှိ စစ်ဆေးဖို့ စတဲ့ ကျန်းမာရေးလုပ်ဆောင်ချက်တွေကို နိုင်ငံအားလုံးက တင်းတင်းကျပ်ကျပ် အကောင်အထည်ဖော်ကြဖို့ WHO ရဲ့ အတွေင်းရေးမှူးချုပ်ကရော အရေးပေါ်ဌာန အကြီးအကဲတို့ကပါ အလေးအနက် တိုက်တွန်းထားပါတယ်။ WHO အကြီးအကဲ တေဒရိုက  “စမ်းသပ်ဆဲ ကာကွယ်ဆေး အတော်များများက အဆင့် ၃ လက်တွေ့စမ်းသပ်ချက်ကို ရောက်နေပြီ။ လူတွေ ဗိုင်းရပ်စ် ကူးစက်မခံရအောင် ကူညီမယ့် ထိရောက်တဲ့ ကာကွယ်ဆေးတွေ ရဖို့ ကျနော်တို့အားလုံး မျှော်လင့်ထားတယ်”လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ ကူးစက်နှုန်း မြင့်မားတဲ့အတွက် လူနေသိပ်သည်းတဲ့ ဘရာဇီးနဲ့ အိန္ဒိယတို့လို နိုင်ငံတွေမှာ စစ်ပွဲရင်ဆိုင်သလို သတိထားဖို့ လိုတယ်လို့ WHO အရေးပေါ်ဌာန အကြီးအကဲ ရိုင်ယန်က ပြောပါတယ်။ ကူးစက်မှု စတင်ရာ တရုတ်နိုင်ငံဆီကို လွှတ်ထားတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က ခုထိ ပြန်ရောက်မလာသေးဘူးလို့လည်း WHO အရာရှိတွေက ပြောပါတယ်။ ကူးစက်ခံ သေဆုံးနှုန်းက ဝ ဒသမ ၆ ရာခိုင်နှုန်း ရှိတယ်လို့လည်း WHO ရဲ့ ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ နည်းပညာ အကြီးအကဲက ခန့်မှန်းထားပါတယ်။ ရလဒ် အမြန်ထွက်အောင် စစ်ဆေးနိုင်တဲ့ကိရိယာကို တီထွင်နိုင်တာကလည်း ရောဂါကူးစက်နှုန်းကို ထိန်းချုပ်ရာမှာ အကူအညီ ရနိုင်တယ်လို့ သူက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up