ကိုဗစ်ကြောင့် အိမ်တွင်းအကြမ်းဖက်မှု ပိုခံနေရတဲ့ ထိုင်းရောက် ရွှေ့ပြောင်းအမျိုးသမီးများ

“ကျမ ချုံထဲရောက်နေပြီ.. ကျမ အိမ်ကနေ ထွက်လာပြီ” ညအချိန် ချုံထဲ ပုန်းခိုလျက် တုန်ရီကြောက်လန့်ကာ ဖုန်းဆက် အကူအညီတောင်းနေတဲ့အသံဖြစ်ပါတယ်။ အသံပိုင်ရှင်ကတော့ ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငခရိုင်က ရာဘာခြံအလုပ်သမတစ်ဦးဖြစ်တဲ့ မနွယ်နွယ်ထွန်းဖြစ်ပါတယ်။ နေ့စဉ်နဲ့အမျှ အိမ်တွင်းအကြမ်းဖက်မှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ခံနေရတဲ့ မနွယ်နွယ်ထွန်းဟာ သူမနေအိမ်ကနေ စွန့်စား ပြေးထွက်လာခဲ့တာပါ။ ဒါပေမဲ့ ဘယ်သွားလို့ ဘယ်လာရမှန်းမသိတဲ့အတွက် အမျိုးသမီးရေးအကူအညီပေးသူ မခင်မာစိုးကို ချုံပုတ်ထဲကနေ ဖုန်းဆက်အကူအညီတောင်းနေတာဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကျယ်ပြန့်လှတဲ့ ရာဘာခြံထဲမှာ အလုပ်လုပ်နေသူ အမျိုးသမီးတွေအဖို့ အကူအညီတောင်းခံဖို့ မလွယ်ကူသလို အချိန်မီ အကူအညီရဖို့လည်း ခက်ခဲလှပါတယ်။ အဲဒီနေ့က မနွယ်နွယ်ထွန်းတစ်ယောက် ကံမကောင်းစွာ ချုံထဲမှာပဲ တညလုံး ပုန်းခိုခဲ့ရပါတယ်။ “အဲဒီညက သူ (နွယ်နွယ်ထွန်း) ဖုန်းဆက်လာပေမယ့် ကျမက ရာဘာခြံထဲမှာ။ အရမ်းဝေးတယ်လေ။ ပြန်လာလို့လည်း ခက်တော့ ချုံထဲမှာ ထပ်ပြီး ပုန်းဖို့ပဲ ပြောနိုင်ခဲ့တယ်” လို့ ဖုန်းဆက်ခံရသူ အမျိုးသမီးရေးကူညီပေးနေတဲ့ မခင်မာစိုးက ပြောပြပါတယ်။ အိမ်တွင်းအကြမ်းဖက်ခံရတဲ့အမျိုးသမီးတွေကို ကူညီရတဲ့အထဲမှာ ဒီအမှုကတော့ အမှတ်ရ မမေ့နိုင်တဲ့အကြောင်း မခင်မာစိုးက ဆိုပါတယ်။ မနွယ်နွယ်ထွန်းတို့ လင်မယားဟာ မြန်မာနိုင်ငံ မွန်ပြည်နယ် မောင်လမြိုင်ကနေ ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်ငခရိုင် ကပုန်မြို့နယ် လုမ္မဏီကျေးရွာက ရာဘာခြံတစ်ခုမှာ အလုပ်လာလုပ်ကြသူတွေ ဖြစ်ကြပါတယ်။ “သူ့ယောက်ျားက သူ့ကို ရိုက်တာ၊ ကန်တာ။ နောက် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ ကျမကို သူပြောပြတယ်။ အရင်ကတော့ သူက သည်းခံပြီးနေခဲ့တယ်။ နောက်ဆုံး မခံနိုင်တော့ ထွက်ပြေးတာပဲ” လို့ မခင်မာစိုးက ပြောပြပါတယ်။ အရင်ကလည်း အိမ်ကနေထွက်ပြေးဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးပေမယ့် နိုင်ငံကူးလက်မှတ် (Passport)၊ ပိုက်ဆံနဲ့ စုဆောင်းရသမျှ ရွှေတွေကို အမျိုးသားကပဲ သိမ်းထားပြီး အိမ်ပြင်ပေးမထွက်တဲ့အတွက် မနွယ်နွယ်ထွန်းတစ်ယောက် ထွက်ပြေးဖို့ အခွင့်မသာခဲ့ပါဘူး။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ သူမအမျိုးသား အပြင်ခဏသွားချိန်မှာ သိမ်းထားတဲ့ ပစ္စည်းတွေကို ရယူနိုင်တဲ့အတွက် တောစပ်က ချုံထဲမှာ တညလုံး ခြင်ကိုက်ခံပြီး မနွယ်နွယ်ထွန်းတစ်ယောက် သူမရဲ့ နေအိမ်ငရဲခန်းကနေ ထွက်ပြေးလာပါတော့တယ်။ “ကျမ မနက် ရာဘာခြံကနေ ပြန်လာတော့ သူ (နွယ်နွယ်ထွန်း) က ကျမ အိမ်ရှေ့မှာ ခြစ်ရာတွေ၊ ဒဏ်ရာတွေနဲ့ ရောက်နေပြီ” လွန်ခဲ့တဲ့ ၃ လကျော်မှာ ဖြစ်ပျက်ခဲ့တဲ့ မနွယ်နွယ်ထွန်းရဲ့ ဖြစ်ရပ်ကို ကူညီပေးခဲ့သူ မခင်မာစိုးက ပြန်လည်ပြောပြခဲ့တာဖြစ်ပါတယ်။ “ကျမ သူနဲ့ မပေါင်းနိုင်တော့ဘူး၊ ကျမ တကယ်ကွဲမှာ၊ နေ့တိုင်းရိုက်တယ်၊ ကန်တယ်၊ ထိုးတယ်။ မခံနိုင်တော့ဘူး” ဆိုတဲ့ မနွယ်နွယ်ထွန်းရဲ့ အကူအညီတောင်းတဲ့စကားတွေနဲ့ သူမရဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေကြောင့် ရုန်းထွက်ခဲ့ရာကနေ အခုဆိုရင် နှစ်ပေါင်းများစွာ အိမ်တွင်းအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ခံခဲ့ရတဲ့ မနွယ်နွယ်ထွန်းတစ်ယောက် အမျိုးသားရဲ့ ရိုက်နှက်ဒဏ်တွေကနေ လွတ်မြောက်သွားပြီဖြစ်ပါတယ်။ အခုလို အမျိုးသမီးတွေအပေါ် အိမ်တွင်းအကြမ်းဖက်ခံရမှုဟာ ထိုင်းနိုင်ငံ ဖန်ငါးခရိုင်မှာ ရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကြားမှာ တစ်နေ့တစ်မျိုး မရိုးနိုင်တဲ့ ကိစ္စရပ်တွေဖြစ်ပါတယ်။ ဒါပေမဲ့ မနွယ်နွယ်ထွန်းလို့ ရုန်းထွက်နိုင်တဲ့ အမျိုးသမီးတွေကတော့ အလွန်ရှားပါးတယ်လို့ ဆိုရပါမယ်။ လတ်တလော ကိုဗစ်-၁၉ ကပ်ရော၈ါ ကာလမှာတော့ အရင်ကထက် အိမ်တွင်းအကြမ်းဖက်မှုတွေ ပိုများလာသလို နေ့စဉ်နဲ့အမျှ အမျိုးသမီးတွေဟာ အိမ်ထောင်ဖက်၊ မိသားစုဝင်တွေရဲ့ ရိုက်နှက်မှုတွေကို တွေ့မြင်နေရကြောင်း အမျိုးသမီးရေးကူညီပေးသူ မခင်မာစိုးက ပြောပါတယ်။ “လင်မယားတွေ ရန်မဖြစ်ကြတဲ့ရက်ဆိုတာ မရှိသလောက်ပဲ။ ဟိုတနေ့ကတောင် ယောက်ျားက မိန်းမကို ရိုက်လို့ ဆေးရုံမှာ သွားချုပ်ရသေးတယ်” လို့ သူမက လတ်တလောမြင်တွေ့နေရတဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေအကြောင်းကို ပြောပြပါတယ်။ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားတွေကို ကူညီပေးနေတဲ့ MAP ဖောင်ဒေးရှင်းရဲ့အဆိုအရ ယခင်က တစ်လကို အိမ်တွင်းအကြမ်းဖက်မှု ၅ မှု တိုင်ကြားမှုရှိပေမယ့် ကိုဗစ်-၁၉ ကာလမှာတော့ အနည်းဆုံး တစ်လကို ၇ မှုကနေ ၈ မှုအထိ ကူညီပေးနေရတယ်လို့ သိရပါတယ်။ ဒီလိုအဖြစ်များတယ်ဆိုပေမယ့်လည်း ရွှေ့ပြောင်းအလုပ်သမားအမျိုးသမီးတွေအဖို့ နိုင်ငံသားမဟုတ်တာက တစ်ကြောင်း၊ လူမှုပတ်ဝန်းကျင်အတွင်း အိမ်တွင်းအကြမ်းဖက်မှုကို ပြစ်မှုအဖြစ် ရှုမြင်မှု အားနည်းတာက တစ်ကြောင်း အကြောင်းအမျိုးမျိုးကြောင့် တရားသဖြင့် ဖြေရှင်းပေးမှုတွေ ရရှိဖို့ အလှမ်းကွာဝေးနေဆဲ ဖြစ်ပါတယ်။ အချို့အမှုများမှာ ဒဏ်ရာဒဏ်ချက်တွေနဲ့ ဆေးရုံရောက်သွားပေမယ့် ချော်လဲလို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ပဲ ပြီးဆုံးသွားခဲ့တယ်လို့ ကူညီပေးသူတွေက ဆိုပါတယ်။ ဒီလိုအကြမ်းဖက်မှုတွေ မြင့်တက်လာမှုဟာ ရောဂါကပ်ဆိုးကြား ပုံမှန်ဝင်ငွေ မရှိခြင်းနဲ့ အလုပ်လက်မဲ့မှုတွေကြောင့် အမျိုးသားတွေဟာ အရက်သေစာ သောက်စားပြီး အမျိုးသမီးနဲ့ကလေးငယ်တွေကို ဆူပူကြိမ်းမောင်း ရိုက်နှက်မှုတွေ ပိုလုပ်လာတာဖြစ်တယ်လို့ ထိုင်းနိုင်ငံ ရွှေ့ပြောင်းအလုပ်သမားအမျိုးသမီးတွေကို ကူညီပေးနေသူများက ပြောပါတယ်။ “ရန်ဖြစ်တာက နေ့တိုင်းလိုလိုပါပဲ။ ရိုးတောင်ရိုးနေပြီ၊ တခါတလေ ယောက်ျားက လက်ပါတယ်။ နောက်တော့ ပြီးသွားတာပဲလေ။ ကလေးတွေရှိတော့ ရိုက်တာတွေ မလုပ်ချင်ဘူး”လို့ ထိုင်းနိုင်ငံ ချင်းမိုင်တွင် အိမ်တွင်းအကြမ်းဖက်ခံရတဲ့ ရွှေ့ပြောင်းအလုပ်သမ နန်းထွေး က ပြောပါတယ်။ ဒီလို အိမ်တွင်းမှာ ရိုက်နှက်ခြင်းဟာ ပုံမှန်ကိစ္စတခုဖြစ်နေတဲ့တွက် ထူးထူးခြားခြား တိုင်ကြားမှုလည်းမရှိကြောင်း သူမကပဲ ဆက်ပြောပါတယ်။ ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမတွေကြား အိမ်တွင်းအကြမ်းဖက်မှုကနေ မရုန်းထွက်နိုင်တဲ့ အဓိက အကြောင်းရင်းထဲမှာ မြို့ပြနဲ့ ဝေးတဲ့နေရာဖြစ်တဲ့ ရာဘာခြံတွေမှာ သွားရောက်နေထိုင်ပြီး နေထိုင်ခွင့်အထောက်အထားမရှိကြတဲ့အတွက် တရားရင်ဆိုင်ဖို့ ခက်ခဲတာတွေလည်း ပါဝင်တယ်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ကူညီပေးနေတဲ့ MAP ဖောင်ဒေးရှင်းအဖွဲ့က မမိုင်းမိုင်က ပြောပါတယ်။ “ လူတွေနဲ့ အဝေးကြီးရှိနေတဲ့ ရာဘာခြံ၊ ဆီအုန်းခြံတွေမှာ အမျိုးသမီးတွေက ပြေးလို့ မလွတ်ဘူး။ အကူအညီ သွားကူညီရမယ်ဆိုရင် ဝေးလို့မသွားနိုင်ဘူး” လို့ မမိုင်းမိုင် က ပြောပြပါတယ်။ ဒါ့အပြင် အကြမ်းဖက်ခံရတဲ့ အမျိုးသမီးအများစုဟာ နေထိုင်လုပ်ကိုင်ခွင့် လက်မှတ်မရှိကြတဲ့အတွက် တိုင်ကြားဖို့ ခက်ခဲသလို ဘာသာစကား အခက်အခဲကလည်း တိုင်ကြားဖို့ အဟန့်အတားဖြစ်နေကြောင်း သိရပါတယ်။ “ ဒီမှာရှိတဲ့သူတွေ အများစုက လက်မှတ်မရှိကြတော့ ရဲတိုင်တာတွေ လုပ်ဖို့ ခက်တယ်။ ဖြစ်လာရင် ကျမတို့ ကြားဝင်ညှိပေးတယ်၊ နောက်ဆုံး လမ်းခွဲမယ်ဆိုရင် ခွဲပေးလိုက်တယ်။ ပြန်ပေါင်းရင် ပေါင်းပေးလိုက်တယ်”လို့ အမျိုးသမီးရေးကူညီပေးသူ မခင်မာစိုးက ပြောပြပါတယ်။ ဒါပေမဲ့ အခုလို အလုပ်အကိုင်အခွင့်အလမ်း လျော့ကျပြီး ဝင်ငွေနည်းပါးလာကြတဲ့ကာလမှာ အိမ်တွင်းအကြမ်းဖက်မှုတွေ တိုးပွားလာနိုင်တာကြောင့် ကျူးလွန်ခံရတဲ့အခါ နီးစပ်ရာကို အကူအညီတောင်းခံဖို့ ဝန်မလေးသင့်ကြောင်းလည်း ထိုင်းရောက် အမျိုးသမီးရေး ကူညီဆောင်ရွက်သူတွေက တိုက်တွန်းကြပါတယ်။ ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်င ခရိုင်ဘက်မှာတော့ အမျိုးသမီးတွေ အကြမ်းဖက်ခံနေရတဲ့ထဲမှာ အိမ်တွင်းအကြမ်းဖက်ခံရမှုဟာ ၉၀ ရာခိုင်နှုန်းခန့် ရှိကြောင်းလည်း အမျိုးသမီးအရေး ဆောင်ရွက်သူ မခင်မာစိုး က ပြောပါတယ်။ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ အပေါ် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေနဲ့ ပတ်သက်ပြီး ပုဒ်မ ၃၂၃(သာမာန်နာကျင်စေမှု)၊ ပုဒ်မ၃၂၄(ဘေးဖြစ်စေသော လက်နက်ဖြင့် နာကျင်စေမှု)၊ ပုဒ်မ ၃၂၅ (အပြင်းအထန် နာကျင်စေမှု)၊ ပုဒ်မ ၃၂၆ ( ဘေးဖြစ်စေသော လက်နက်ဖြင် အပြင်းအထန်နာကျင်စေမှု) စတဲ့ ပုဒ်မတွေ ရှိနေပါတယ်။ ဒါ့ပေမဲ့ ထိုင်းရောက် အိမ်တွင်းအကြမ်းဖက်ခံရတဲ့ ရွှေ့ပြောင်းအလုပ်သမတွေအတွက်ကတော့ ပုဒ်မ၊ ဥပဒေတွေက အကျုံးဝင်သက်ရောက်မှု မရှိသလောက် နည်းပါးနေတာကို တွေ့မြင်ရပါတယ်။ ရွှေပြောင်းအလုပ်သမားတွေကြား အမျိုးသမီးအရေး၊ အိမ်တွင်းအကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး ပညာပေး ဆွေးနွေးမှုတွေ ဆက်တိုက်ပြုလုပ်နေပေမယ့် ရှေးရိုးစွဲ ဓလေ့တွေရဲ့ ချည်နှောင်မှုတွေကြောင့် ရုန်းထွက်လာကြဖို့က ခက်ခဲနေဆဲပဲလို့ ကူညီသူတွေက ပြောပါတယ်။ “ ဓလေ့တွေ ရှေးရိုးစွဲတွေကို မထားစေချင်ဘူး။ အိမ်တွင်းအကြမ်းဖက်ခံရရင် ရုန်းထွက်စေချင်ပြီ” ဟု ရွှေ့ပြောင်းအလုပ်သမားတွေကို ကူညီပေးနေတဲ့ မခင်မာစိုးက ပြောဆိုလိုက်ပါတယ်။ နန်းဆိုင်နွမ် hiburma.net ဝက်ဘ်ဆိုက်မှ ပြန်လည်ဖော်ပြသည်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up