DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် မြန်မာကုမ္ပဏီတခု အဖွဲ့ဝင်အဖြစ် ဆွေးနွေးခွင့်ရ
DVB
·
June 5, 2013
ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် မြန်မာကုမ္ပဏီတခု အဖွဲ့ဝင်အဖြစ် ဆွေးနွေးခွင့်ရ
Donate to DVB

နေပြည်တော်မှာ ဇွန် ၆ ရက်နေ့ ပြုလုပ်မယ့် ကမ္ဘာ့စီးပွားရေးဖိုရမ်အတွက် မြန်မာနိုင်ငံရဲ့ ပထမဆုံး ဖောင်ဒေးရှင်းအဖွဲ့ဝင်အဖြစ် Surge Pun & Associates (Myanmar) Ltd (SPA) ကို ၀င်ရောက် ဆွေးနွေးခွင့် ပြုလိုက်ပါတယ်။

ဒီဖိုရမ်မှာ သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်အသီးသီးက ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီစာရင်းဝင် အနေဖြင့် သတ်မှတ်ခံရတဲ့ Forum Foundation Member ၁၀၀၀ တို့နဲ့ အတူ အက်စ်ပီအေ ကုမ္ပဏီကလည်း ဒေသတွင်းအနာဂတ်ကို ပုံဖော်ဖို့အတွက် နည်းလမ်းတွေ ရှာဖွေသွားမယ်လို့ ပြောပါတယ်။

အက်စ်ပီအေကုမ္ပဏီဥက္ကဋ္ဌ မစ္စတာဆာဂျီပန့်က “မြန်မာနိုင်ငံဟာ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးဝန်းကျင်တွေမှာ လျင်မြန်စွာပဲ အများကြီးပြောင်းလဲဖြတ်သန်းနေပါတယ်။ ကမ္ဘာပေါ်မှာ အနည်းငယ်သာ ကျန်ရှိနေတဲ့ အလားအလာကောင်းတဲ့ဒေသတွေမှာ တခုအပါအ၀င်ဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ နိုင်ငံသားသန်း ၆၀ အတွက်သာ သက်ဆိုင်တာမဟုတ်ဘဲ ဒေသတွင်းနဲ့ ကမ္ဘာ့လှုမှုအသိုက်အ၀န်းတစ်ခုလုံးအတွက်လည်း သက်ရောက်မှုရှိတာပါ။ ဒီအပြောင်းအလဲကာလမှာ ကျနော်တို့ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေက အင်မတန်ကြီးမားပါတယ်။ ဒါပေမယ့် ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေနဲ့ နိုင်ငံသားတွေအတွက် စီးပွားရေးနဲ့ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုကို ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အလမ်းတွေနဲ့ တာဝန်ယူရမှုတွေက စွန့်စားရတာထက် အများကြီးသာပါတယ်” လို့ ပြောပါတယ်။

“ကမ္ဘာ့စီးပွားရေးဖိုရမ်ရဲ့ ဖောင်ဒေးရှင်အဖွဲ့ဝင်အဖြစ် နိုင်ငံတကာစီးပွားရေးအသိုင်းအ၀န်း ထဲကို ပထမဆုံးအနေနဲ့ မြန်မာအဖွဲ့အစည်းတခုကို အခုလို ၀င်ရောက်ဖို့ ဂုဏ်ပြုချီးမြင့်တဲ့အတွက် ၀မ်းသာပါတယ်။ ကျနော်တို့ရဲ့ အသိပညာ၊ ဗဟုသုတတွေ လုပ်ငန်းကျွမ်းကျင် တက်မြောက်မှုတွေနဲ့ အရင်းအမြစ်တွေကို မြန်မာနိုင်ငံ၊ အာဆီယံနဲ့ ကမ္ဘာ့အနာဂတ် ပိုမိုကောင်းမွန်ဖို့အတွက် ဖောင်ဒေးရှင်အဖွဲ့ဝင်တွေနဲ့အတူ မျှဝေသွားဖို့လည်း မျှော်လင့်ထားပါတယ်လို့” သူက ပြောပါတယ်။

မြန်မာနိုင်ငံလို အခွင့်အလမ်းတွေ များသလောက် အရေးပေါ်လိုအပ်ချက်တွေလည်း  များပြားတဲ့ နေရာမျိုးမှာ ကမ္ဘာ့လူထုရဲ့စိတ်ဝင်စားမှုကို တိုးတက်ရရှိဖို့ စွန့်ဦးတီထွင်လုပ်ငန်းတွေကို အားပေးမြှင့်တင့်သင့်တဲ့ အကြောင်းကို ဖိုရမ်မှာ မျှဝေသွားဖို့ရှိပါတယ်လို့ ဆိုပါတယ်။

“အစိုးရက စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကို တွန်းတွန်းတိုက်တိုက်ဆောင်ရွက်နေသလို ပြည်ပကလည်း ပိတ်ဆို့မှုတွေ ဖယ်ရှားလာတာက မြန်မာနိုင်ငံအတွက် အရှိန်အဟုန်တိုးတက်စေတဲ့ ဖြစ်ရပ်တွေပါ။ ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာ မြန်မာနဲ့ကမ္ဘာ့နိုင်ငံတွေအကြား တွေ့ဆုံဆွေးနွေးမှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ တီထွင်ကြိုးပမ်းမှုတွေကို ဆက်လက်ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ပါတယ်။”

ဇွန် ၆ ရက်နေ့ နေပြည်တော်မှာ ပြုလုပ်မယ့် အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ Business mandate in Myanmar နှင့်  The Long-term View ခေါင်းစဉ်နဲ့ သူရဲ့အတွေ့အကြုံတွေနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ဗဟုသုတတွေကို ကိုယ်တိုင်ပါဝင်ဆွေးနွေးသွားမယ်လို့ မစ္စတာပန့်က ပြောပါတယ်။
ဒီဖိုရမ်ကို နိုင်ငံပေါင်း ၅၅ နိုင်ငံမှ အစိုးရအဖွဲ့တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေအပါအ၀င် လူ ၉၀၀ ကျော် တက်ရောက်ဖို့ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013