မဲဆောက်တောင်ကျချောင်းရေကြီး၊ မြန်မာကလေး ၂ ဦးသေဆုံး
DVB
·
June 5, 2013
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့နယ်မှာ မိုးသည်းထန်ပြီး တောင်ကျချောင်းရေကြီး တဲ့အတွက် မြန်မာကလေးငယ် ၂ ဦး သေဆုံးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၃ ရက်နေ့က မဲဆောက်မြို့နယ် အုပ်ချုပ်ရေးရုံး၊ ကယ်ဆယ်ရေးလုပ်သား၊ အမှတ် ၄ အထူးစစ်တပ်က တာဝန်ရှိသူနဲ့ နယ်မြေခံတွေဟာ ရေစီးကြောင်းနဲ့အတူ မျောပါသွားတဲ့ ကလေး ၂ ဦးကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ထိုင်းသတင်းဌာနမှာ ဖော်ပြသွားပါတယ်။
အဲဒီကလေး ၂ ဦးဟာ မောင်သီဟကို ၃ နှစ်နဲ့ မောင်ထောလေကို ၅ နှစ်တို့ဖြစ်ပြီး မဲဆောက်မြို့ ဖရထတ်ဖာဒိုင်ရပ်ကွက်ရှိ အန်ဂျီအိုတခုက ဖွင့်လှစ်ထားတဲ့ နောင်ဗိုကျောင်းတိုက်မှာ ပညာသင်ကြားနေကြောင်း၊ ညနေပိုင်း ကျောင်းဆင်းချိန်မှာ မိုးသည်းထန်ပြီး တောင်ကျချောင်းရေ လျှံတဲ့အတွက် ရေထဲမျောပါသွားခဲ့တာတယ်လို့ ဆိုပါတယ်။ ကယ်ဆယ်ရေးအဖွဲ့က ၁၀ နာရီကြာ ရှာဖွေရေး လုပ်ခဲ့ရတယ်လို့ မဲဆောက် ကယ်ဆယ်ရေးဝန်ထမ်းတဦးက ထိုင်းသတင်းဌာနကို ပြောပါတယ်။
မဲဆောက်မြို့ခံတဦး ပြောပြချက်အရ ကလေး ၂ ဦးဟာ ညီအစ်ကိုတွေဖြစ်ပြီး ဇွန် ၃ ရက်နေ့ ညနေပိုင်းမှာ ပျောက်ဆုံးသွားကြောင်း၊ မိဘဖြစ်သူက ကလေးပျောက် တိုင်ကြားတဲ့အတွက် သက်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့တွေက ညတွင်းချင်း လိုက်လံရှာဖွေရာမှာ ည၁၁ နာရီလောက် သူတို့နေအိမ်နဲ့ ကိုက် ၅၀၀ အကွာမှာ သစ်ပင်နဲ့ ငြိနေတဲ့ ကလေးတဦးရဲ့ အလောင်းကို ရှာတွေ့ခဲ့တယ်လို့ ဆိုပါတယ်။ နောက်ကလေးတဦးရဲ့ အလောင်းကို ဇွန်လ ၄ ရက် မနက်အစောပိုင်း ရေလွတ်မြောင်း အပေါက်ဝနားမှာ တွေ့ရှိခဲ့တယ်လို့ ထိုင်းဒေးလီးနယူးမှာ ဖော်ပြထားပါတယ်။
မဲဆောက်မြို့နယ်အုပ်ချုပ်ရေးမှူး နိုင်ပရီချာ ကျိုင်ဖိတ်က သေဆုံးသူ ကလေးတွေအတွက် အသုဘအကူငွေ ဘတ်ငွေ ၁ သောင်းကို မိဘဖြစ်သူ ဦးဇော်ဝင်းကိုနဲ့ ဒေါ်လှရီတို့ကို ပေးအပ်ခဲ့တယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။