မြန်မာ့အဖိုးတန် အင်ကြင်းကျောက် စျေးကွက်ခိုင်မာအောင် လုပ်ပေးရန် တောင်းဆို
DVB
·
August 3, 2020

မကွေးတိုင်းအတွင်းက မြို့နယ် ၁၆ မြို့နယ်မှာ ထွက်ရှိတဲ့ မြန်မာ့အဖိုးတန် အင်ကြင်းကျောက်ကို နိုင်ငံတကာစျေးကွက် တင်ပို့ရောင်းချနိုင်အောင် လုပ်ဆောင်ပေးဖို့ ဒေသခံတွေ လိုလားနေကြပါတယ်။
ကမ္ဘာ့နိုင်ငံအများစုကလည်း အဖိုးတန်သယံဇာတခုဖြစ်တဲ့ အင်ကြင်းကျောက်ကို နှစ်သန်းပေါင်းများစွာ ဖြစ်တည်မှုတစ်ခုအဖြစ် တန်ဖိုးထားတယ်လို့ သိရပါတယ်။
မကွေးတိုင်းအတွင်းမှာ အဖိုးတန်အင်ကြင်းကျောက်ထွက်ရှိတဲ့ မြို့နယ်ပေါင်း ၁၆ မြို့နယ်ရှိပြီး စီးပွားဖြစ်လုပ်ကိုင်တာ နှစ်ပေါင်း ၂၀ ခန့်ရှိကာ တရုတ်နိုင်ငံ စျေးကွက်တခုတည်းကိုသာ တင်ပို့ ရောင်းချနေရတယ်လို့ အင်ကြင်းကျောက် အချောထည်လုပ်ငန်းရှင် ကိုနေလင်းအောင်က ပြောပါတယ်။
အင်ကြင်းကျောက်စျေးကွက်ဟာ တရုတ်နိုင်ငံ စျေးကွက်တစ်ခုတည်းသာ မှီခိုနေရတာ ဖြစ်လို့ အစိုးရအနေနဲ့ မကွေးတိုင်းအတွင်းမှာ အဖိုးတန် အင်ကြင်းကျောက် အချောထည်၊ အကြမ်းထည်တွေကို ပြသနိုင်တဲ့ အင်ကြင်းကျောက်သားဥယျဉ်တခု ဖော်ဆောင်ပေးမယ်ဆိုရင် ပြည်တွင်း ပြည်ပခရီးသွားတွေကို ဆွဲဆောင်နိုင်သလို နိုင်ငံတကာစျေးကွက်ကို ထိုးဖောက်နိုင်မယ် လို့ ဆိုပါတယ်။
အရင်က တရုတ်နိုင်ငံကို တင်ပို့ရတဲ့စျေးနှုန်းမှာ ကျောက်အရည်အသွေးပေါ် မူတည်ပြီး မက်ထရစ်တန် ၁ တန်ကို တရုတ်ယွမ်ငွေ ၅၀,၀၀၀၊ မြန်မာငွေ သိန်း ၁၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။
လက်ရှိအချိန်မှာတော့ ယွမ်ငွေ ၁၅,၀၀၀ သာ ပေါက်စျေးရှိတဲ့အတွက် အင်ကြင်းကျောက် တင်ပို့တဲ့သူတွေ အရှုံးပေါ်နေတယ်လို့လည်း သိရပါတယ်။
မိမိနိုင်ငံက ထွက်ရှိတဲ့ အဖိုးတန်ကျောက်တွေကို ထိန်းသိမ်းသင့်တာ ထိန်းသိမ်းပြီး ကုန်ချော ထုတ်သင့်တာ ထုတ်လုပ်ရောင်းချနိုင်အောင် အစိုးရနဲ့ ဒေသခံလုပ်ငန်းရှင်တွေ၊ ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
အင်ကြင်းကျောက်ကို အသားကျောက်၊ သဘာဝကျောက်ကြမ်း ဆိုပြီးတော့ နှစ်မျိုးနှစ်စား ခွဲခြားထားပြီး အမြစ်ဆုံတွေ၊ ကိုင်းဖျားတွေ သဘာဝအတိုင်း ဖြစ်တည်မှုတွေကို အမြတ်တနိုး စုဆောင်းတတ်သူတွေ နိုင်ငံတကာမှာ အများအပြားရှိနေပြီး စျေးကွက်ခိုင်မာတာကြောင့် နိုင်ငံတကာစျေးကွက်ကို ဖော်ဆောင်ပေးစေလိုတာလို့လည်း သိရပါတယ်။
အောင်လံမြို့နယ်ဒေသခံ အင်ကြင်းကျောက် တူးဖော်သူ ကိုထွန်းနိုင်က “အင်ကြင်းကျောက်ကို တောထဲတွေမှာ နေ့စားငှားပြီး ဂေါ်တွေ၊ ပေါက်ပြားတွေနဲ့ တူးဖော်ကြတာ ဖြစ်ပြီး ၁၀ တောင်ရှိတဲ့ ကျောက်တလုံး ဆိုရင် လုပ်သား ၇ ယောက်လောက်နဲ့ တပတ်ခန့် တူးဖော်ရတယ်။ အင်ကြင်းကျောက် အရိုင်းတုံး တတုံးကို ကျောက်အရည်အသွေးပေါ် မူတည်ပြီး ငွေကျပ် တစ်သိန်းကနေ သုံးသိန်းကျပ်အထိ ရောင်းချရတယ်။ လက်ရှိအချိန်မှာတော့ အင်ကြင်းကျောက် ဝယ်လက်တွေ ရှားပါးလာတဲ့အတွက် ကျောက်ရှိပြီး ရောင်းမယ့်နေရာ မရှိတဲ့အတွက် နိုင်ငံတော်အစိုးရအနေနဲ့ ဒေသခံတွေ အလုပ်အကိုင်အခွင့်အလမ်း ရရှိအောင် အင်ကြင်းကျောက်စျေးကွက်ကို ခိုင်မာအောင် လုပ်ဆောင်ပေးစေလိုတယ်” လို့ ပြောပါတယ်။
မြန်မာနိုင်ငံအနေနဲ့ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းနဲ့ မန္တလေးတိုင်းတွေမှာ အင်ကြင်းကျောက် အဓိကထွက်ရှိပြီး ပြည်တွင်းမှာ ရောင်းဝယ်နိုင်တဲ့ အင်ကြင်းကျောက် ဈေးကွက်တခု ဖော်ဆောင်ပေးဖို့ ဒေသခံပြည်သူတွေက လိုလားနေကြတာပါ။
မင်းထီး