ရခိုင်ပြည်နယ်ရှိ မဲဆန္ဒနယ်အားလုံးတွင် ရခိုင်အမျိုးသားပါတီ ဝင်ပြိုင်မည်
ဆုဆုသွယ်
·
August 3, 2020
လာမယ့် နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပမယ့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ရခိုင်အမျိုးသားပါတီ (ANP) ကနေ ရခိုင်ပြည်နယ်ထဲမှာ မဲဆန္ဒနယ် အားလုံး ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ သြဂုတ် ၂ ရက်နေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။
ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကိုတော့ ပြည်သူ့တွေနဲ့ ရင်ဘတ်ချင်းနီးပြီး ပြည်သူ့တွေရဲ့ဆန္ဒကို စွမ်းစွမ်းတမံ ပြည်သူ့ကိုယ်စား ဆောင်ရွက်ပေးနိုင်သူ၊ ပညာတတ်ပြီး ပါတီအပေါ်မှာ သံယောဇဉ်ရှိသူတွေကို အဓိထားရွေးချယ်ထားတယ်လို့ ရခိုင်အမျိုးသားပါတီ (ANP) အထွေထွေအတွင်းရေးမှူး ပြောခွင့်ရသူ ဦးထွန်းအောင်ကျော်က ပြောပါတယ်။
အခုရွေးချယ်ထားတဲ့ ကိုယ်စားလှယ်လောင်းတွေထဲမှာ ကိုယ်စားလှယ်လောင်းအသစ်တွေ အများစုပါဝင်နေတယ်လို့ ဆိုပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ရခိုင်အမျိုးသားပါတီ (ANP) ကနေ ပြည်သူ့လွှတ်တော် အတွက် မဲဆန္ဒနယ် ၁၇ နေရာ၊ အမျိုးသားလွှတ်တော်အတွက် မဲဆန္ဒနယ် ၁၂ နေရာနဲ့ ပြည်နယ်လွှတ်တော်အတွက် မဲဆန္ဒနယ် ၃၄ နေရာ အပြည့်ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
ရန်ကုန်တိုင်းမှာတော့ ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ၁ နေရာနဲ့ ဧရာဝတီတိုင်းမှာ ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ၁ နေရာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိပါတယ်။ ကိုယ်စားလှယ်လောင်းတွေထဲမှာ လူငယ်တွေနဲ့ အမျိုးသမီးတွေ ပါဝင်ပေမယ့် အများစုကတော့ အမျိုးသားတွေ ဖြစ်တယ်လို့ သိရပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် တိုင်းရင်းသားပါတီတစ်ချို့က ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို ထုတ်ပြန် တာတွေရှိနေပေမယ့် ပြည်ခိုင်ဖြိုးပါတီအပါအဝင် ပါတီတစ်ချို့ကတော့ ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေ ထုတ်ပြန်တာတွေမရှိသေးပါဘူး။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို သြဂုတ် ၇ ရက်နေ့ နောက်ဆုံးထား တင်သွင်းဖို့ ထုတ်ပြန်ထားတယ်။