ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပမည့်ရက် တပတ်ရွှေ့ဆိုင်း

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ရာစုပင်လုံ) စတုတ္ထအကြိမ်ကျင်းပမယ့် ရက်ကို တပတ်ရွှေ့ဆိုင်းလိုက်တယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။ ပင်လုံညီလာခံကျင်းပမယ့်ရက်နဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန် NRPC ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာကတည်းက သဘောတူညီမှုရရှိခဲ့ဖြစ်ပြီး ဩဂုတ်လ ၁ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ ညှိနှိုင်းအစည်းအဝေးအပြီးမှာ ဦးဇော်ဌေးက သတင်းမီဒီယာသမားတွေကို ပြောကြားခဲ့တာပါ။  ညီလာခံကို မူလက ဩဂုတ်လ ၁၂ ရက်နေ့ စတင်ကျင်းပဖို့ လျာထားခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ ဩဂုတ် ၁၉ ရက်နေ့မှ စတင်ကျင်းပတော့မှာပါ။ “ ဇူလိုင် ၂၆၊ ၂၇၊ ၂၈၊ ၂၉ ရန်ကုန်မှာ ၄ ရက် ကျင်းပပြုလုပ်ခဲ့တဲ့ အလုပ်အဖွဲ့ အစည်းအဝေးမှာ ညီလာခံကျင်းပမယ့်ရက်ကို လာမယ့်  သြဂုတ် ၁၉၊ ၂၀၊ ၂၁ မှာ ကျင်းပဖို့ အလုပ်အဖွဲ့က လျာထားတယ်။ နောက်တဖက်မှာလည်း နိုင်ငံရေးပါတီတွေအနေနဲ့  ရွေးကောက်ပွဲကျင်းပမယ့်ကာလရှိတဲ့အတွက် ဒီထက်တော့ နောက်ဆုတ်လို့ မရဘူးပေါ့နော်။ နိုင်ငံရေးပါတီတွေအနေနဲ့လည်း ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ စည်းရုံးလှုပ်ရှားမှုတွေ ဆောင်ရွက်ရတဲ့အတွက် ၁၉၊ ၂၀၊ ၂၁ ကျင်းပဖို့ ရှိပါတယ်။” ၈ ကြိမ်မြောက် JICM အစည်းအဝေးအပြီးမှာကတည်းက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံစတုတ္ထအကြိမ်ကို ၂၀၂၀ ပထမ ၄ လအတွင်း ကျင်းပဖို့ စီစဉ်ထားပေမဲ့ ကျင်းပနိုင်ခဲ့ခြင်းမရှိတာပါ။  ဒါ့အပြင် ဇူလိုင်လ အစောပိုင်းမှာ ညီလာခံကျင်းပဖို့ လျာထားခဲ့သေးပြီး အဆင်မပြေမှုတွေကြောင့် ရွှေ့ဆိုင်းခဲ့ရသလို အခုအချိန်မှာလည်း ထပ်မံရွှေ့ဆိုင်းရတာဖြစ်ပါတယ်။ ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up