ထားဝယ်မြို့တွင် ငွေကျပ်သိန်း ၉၈၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ

တနင်္သာရီတိုင်း ထားဝယ်မြို့မှာ ငွေကျပ် ၉၈၅၇.၁ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။ ဇူလိုင်လ ၃၁ ရက်နေ့ ၀၃း၀၀ အချိန်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင် တွေဟာ ထားဝယ်မြို့၊ ဘုမ္မော်ရပ်ကွက်၊ ကျန်းမာရေးလမ်း၊ အိမ်အမှတ်(၇၀၇) နေအိမ်ကိုရှာဖွေရာ သန်းအောင် (ခ) နိုင်နိုင်ဝင်း၊ နေမျိုးသူစိုး(ခ)နေနေ၊ ရန်နိုင်ဝင်း(ခ) ရန်နိုင်တို့နဲ့အတူ အိုက်စ် သုည ဒသမ ၀၀၂ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၀ ပြား၊ လက်ကိုင်ဖုန်း ၄ လုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ ကွင်းဆက်အရ လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာရှိ တည်းခိုခန်းကို မွန်းတည့် ၁၂ နာရီမှာ သွားရောက်ရှာဖွေရာ ကျော်ကျော်ဆက်(ခ)ဂွမ်းနဲ့အတူ ထွန်းဦးကျော်(ခ)အာကာ၊ မထက်ထက်ဦး(ခ) ထက်ထက် တို့အားတွေ့ရှိရတယ်လို့ ဆိုပါတယ်။ ဒီနောက် ထားဝယ်မြို့၊ ဆင်ဆိပ်ရပ်ကွက်ရှိ ကျော်ကျော်ဆက်(ခ)ဂွမ်းရဲ့ နေအိမ်ကို ဆက်လက်ရှာဖွေရာ စက္ကူပုံးအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၇,၀၀၀ ပြား၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကို ထပ်မံသိမ်းဆည်းရမိခဲ့ပါတယ်။ သူတို့အားလုံးကို မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up