DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးမည်ဟု သမ္မတပြော
DVB
·
June 5, 2013
နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးမည်ဟု သမ္မတပြော
Donate to DVB

နိုင်ငံတ၀န်း အကျဉ်းထောင်တွေမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးမယ်လို့ သမ္မတဦးသိန်းစိန်က မနေ့က ရေဒီယိုမိန့်ခွန်းမှာ ပြောကြားလိုက်ပါတယ်။

ပြည်သူလူထုကို လစဉ်ပြောကြားနေတဲ့ သမ္မတရဲ့ ရေဒီယိုမိန့်ခွန်းအစီအစဉ်ကနေ အခုလို ပြောကြားလိုက်တာပါ။

[caption id="attachment_40264" align="alignright" width="300" caption="ဦးသိန်းစိန် (ဓာတ်ပုံ - သမ္မတရုံးဝက်ဘ်ဆိုဒ်)"][/caption]

“ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား တဦးတယောက်မျှ အကျဉ်းထောင်ထဲမှာ ရှိနေစေလိုခြင်းမရှိပါ၊ သို့သော်လည်းပဲ အရင်ခေတ်အဆက်ဆက်က ရှုပ်ထွေးခဲ့တဲ့ ရာဇဝတ်မှုနဲ့ နိုင်ငံရေးပြစ်မှု မကွဲပြားတဲ့ကိစ္စရပ်တွေ စိစစ်ဆောင်ရွက်နေရတဲ့အတွက် အချိန်ယူလုပ်ဆောင်နေရတာ ဖြစ်ပါတယ်။ အခုအခါမှာ ဒီကိစ္စတွေကို ရှင်းလင်းနိုင်ဖို့အတွက် လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီကို ကျယ်ပြန့်တဲ့ပါဝင်မှုနဲ့ ဖွဲ့စည်းပြီး ဆောင်ရွက်နေပြီဖြစ်တဲ့အတွက် မကြာခင်မှာ အမှန်တကယ်ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူများအားလုံး လွတ်မြောက်တော့မှာ ဖြစ်ပါတယ်။”

သမ္မတရဲ့ ပြောကြားချက်အပေါ် လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီထဲမှာပါတဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်အသင်း (အေအေပီပီ) အတွင်းရေးမှူး ဦးတိတ်နိုင်က အခုလိုပြောပါတယ်။

“နိုင်ငံရေးအကျဉ်းသားတွေ အားလုံးလွှတ်ပေးမယ်ဆိုတဲ့ သမ္မတ ပြောကြားချက်မှာတော့ တကယ်ဖြစ်လာရင် ကောင်းပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးမယ်ဆိုတဲ့ ကိစ္စတွေက အမြဲတမ်းပြောဆိုနေတဲ့စကားဖြစ်တယ်။ လွှတ်ပေးတဲ့အခါမှာလည်း နိုင်ငံရေးအကျဉ်းသားနဲ့ ရာဇ၀တ်အကျဉ်းသား တွက်လိုက်ရင် ရာဇ၀တ်အကျဉ်းသားက ပိုပိုပြီး များနေတာ တွေ့ရပါတယ်။ ဒီအပေါ်မှာ ရာဇ၀တ်အကျဉ်းသားတွေကို မလွှတ်ပါနဲ့လို့ ကျနော်တို့က ကန့်ကွက်နေတာမဟုတ်ဘူး။ ရောပြီးလုပ်နေတာက နားလှည့်ပါးရိုက် လုပ်နေတယ်လို့ ခံစားရတယ်။”

ဒါ့အပြင် အစိုးရသစ်လက်ထက်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွှတ်ပေးလိုက်တဲ့ နိုင်ငံရေးနဲ့ ဆက်နွှယ်ပြီး အကျဉ်းကျခံနေရသူတွေနဲ့ ပတ်သက်ပြီးလည်း ပုဒ်မ ၄၀၁ ကို နိုင်ငံရေးလက်နက်တခုအနေနဲ့ အသုံးချပြီး အရေးယူတာတွေ လုပ်မှာ မဟုတ်ဘူးလို့ သမ္မတက ပြောကြားလိုက်ပါတယ်။

သမ္မတက အခုလို ပြောကြားလိုက်ပေမယ့် ပြီးခဲ့တဲ့ မေလဆန်းပိုင်းတုန်းကတော့ လယ်သမားတွေရဲ့ အခွင့်အရေး လှုပ်ရှားဆောင်ရွက်နေတဲ့ ဦးနေမျိုးဇင်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးစဉ်က ပုဒ်မ ၄၀၁ ကြွေးကျန်အဖြစ် သတ်မှတ်ထားတဲ့ ထောင်ဒဏ် ၆ နှစ်ကို ပြန်လည်ကျခံစေဖို့ ပြည်ထဲရေးဝန်ကြီးဌာနက အမိန့်ချမှတ်ခဲ့ပါတယ်။

ပုဒ်မ ၄၀၁ နဲ့ ပတ်သက်ပြီး သမ္မတရဲ့ ပြောကြားချက်အပေါ် ဦးတိတ်နိုင်က “နိုင်ငံရေးလက်နက်တခုသဖွယ် အသုံးမချဘူးလို့ ပြောလို့ရပါတယ်။ သို့ပေမယ့် နိုင်ငံရေးအရဖြစ်ဖြစ်၊ ရာဇ၀တ်မှုတခုအရဖြစ်ဖြစ် ကျူးလွန်တယ်လို့ ယူဆတယ်ဆိုရင် အချိန်မရွေးပြန်ပြီးတော့ ဖမ်းလို့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နှုတ်အားဖြင့် နိုင်ငံရေးအရ အရေးမယူဘူး၊ ပြောဆိုနေပေမယ့် လက်တွေ့မှာ ဒီဥပဒေက အတည်ဖြစ်နေတာ တွေ့ရပါတယ်။ နှုတ်အားဖြင့် ဘယ်လိုပဲ ပြောပြော ဥပဒေကြောင်းအရ အရေးယူလို့ရတယ်ဆိုတဲ့ အပေါ်မှာတော့ သမ္မတအနေနဲ့ ပြန်ဆန်းစစ်သင့်တယ်လို့ ကျနော်တို့ မြင်ပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် အစိုးရက ဖွဲ့စည်းပေးထားတဲ့ လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီအနေနဲ့လည်း နိုင်ငံရေးအကျဉ်းသားစိစစ်ရာမှာ အဖွဲ့ဝင်တွေရဲ့ ပါဝင်မှုနဲ့ လုပ်ပိုင်ခွင့်တွေ နည်းနေသေးတယ်လို့ ဦးတိတ်နိုင်က ပြောပါတယ်။

လက်ကျန် နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီက စုံစမ်းချက်အရ နိုင်ငံတ၀န်းမှာ နိုင်ငံရေးအကျဉ်းသား ၁၄၀ ကျော် ကျန်ရှိနေသေးတယ်လို့ ဦးတိတ်နိုင်က ပြောပါတယ်။ ထောင်မချသေးပဲ တရားစွဲဆိုခံနေရသူတွေလည်း ရှိသေးတယ်လို့ ဆိုပါတယ်။

“၁၈ တို့၊ ၅၀၅ (ခ) တွေနဲ့ စွဲဆိုခံထားရသူတွေ ရှိတယ်။ ဒါတွေကိုတော့ ကျနော်တို့က ဘယ်သူတွေက နိုင်ငံရေးနဲ့ ပတ်သက်နေတာလဲဆိုတာ ကျနော်တို့ စိစစ်တုန်း ရှိသေးတယ်လို့ ပြောလို့ရပါတယ်။”
ပြီးခဲ့တဲ့ မေ ၁၇ ရက်နေ့ကလည်း အစိုးရက အကျဉ်းသားတွေ ပြန်လွှတ်ပေးလိုက်တဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာ ပါဝင်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013