တိုက်ပွဲကြောင့် ယာယီပိတ်ထားသည့် မြောက်ဦးမြို့နယ် ရန်ကုန်-စစ်တွေကားလမ်း ပြန်ဖွင့်
ဝဏ္ဏခွာညို
·
August 2, 2020
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာအနီးရှိ ရန်ကုန်-စစ်တွေ အဝေးပြေးကားလမ်းမကြီးမှာ တပ်မတော်နဲ့ ရက္ခိုင့် တပ်တော်အေအေတို့ တိုက်ပွဲဖြစ်ပွားခဲ့လို့ ကားလမ်းကြောင်းတွေ ယာယီပိတ်ထားခဲ့ရပြီးနောက် မနေ့ကတော့ ကားတွေ ပုံမှန်ပြေးဆွဲနေပြီလို့ ကားသမားတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ဇူလိုင် ၃၀ ရက်နေ့ မနက် ၅ နာရီခန့်ဝန်းကျင်လောက်ကနေ မြောက်ဦးမြို့နယ် အုတ်ဖိုကန်ကျေးရွာအနီး ရန်ကုန်-စစ်တွေ အမြန်လမ်းမကြီးပေါ်မှာ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တာကြောင့် ကားလမ်းတွေ ယာယီပိတ်ထားခဲ့တာပါ။
သြဂုတ် ၁ ရက်နေ့မှာတော့ မြောက်ဦးမြို့နယ်မှာလည်း တိုက်ပွဲဖြစ်ပွားတာ မရှိတော့သလို ကားတွေလည်း ပုံမှန်ပြေးဆွဲနေရပြီလို့ စစ်တွေ-မြောက်ဦးကို ပြေးဆွဲနေတဲ့ ကားသမားတဦးက ပြောပါတယ်။
စစ်တွေ-မြောက်ဦးကို ပြေးဆွဲနေတဲ့ကားသမားတဦးက “တိုက်ပွဲဖြစ်ခဲ့တဲ့နေ့ကဆိုရင် ကားလမ်းတွေ ပိတ်ထားတယ်။ တစ်စီးမှ သွားလို့မရဘူး။ တိုက်ပွဲဖြစ်လို့ နောက်တစ်ရက်ဆိုရင် ပြန်လို့ လမ်းကြောင်းတွေ ဖွင့်ပေးလိုက်ပါပြီ။ အခုဆိုရင်တော့ လမ်းကြောင်း အခြေအနေက အေးဆေးဖြစ်သွားပြီ။ ကားတွေလည်း ပုံမှန်ပြေးဆွဲနေကြတယ်”လို့ ပြောပါတယ်။
မြောက်ဦးမြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က “ကားလမ်းသမားတွေက ပုံပှန်ပြေးဆွဲနေကြတယ်။ မြောက်ဦးမြို့မှာလည်း အခြေအနေက အေးဆေးဖြစ်သွားပြီ” လို့ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ရန်ကုန်-စစ်တွေ အဝေးပြေးလမ်းမကြီးအနီးမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားပြီး ကားလမ်းပိတ်ဆို့မှုတွေ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။