ကိုကာကိုလာ စက်ရုံဖွင့်ပွဲ ကျင်းပ
DVB
·
June 4, 2013
ကိုကာကိုလာ အချိုရည်ကုမ္ပဏီဟာ နှစ် ၆၀ ကျော်အတွင်း ပထမဆုံးအဖြစ် မြန်မာနိုင်ငံမှာ ထုတ်လုပ်နေပြီဖြစ်ပါတယ်။
ကိုကာကိုလာကုမ္ပဏီရဲ့ ဥက္ကဋ္ဌနဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ မူထာကန့်ဟာ မှော်ဘီမြို့နယ်မှာ ဒီနေ့ ကျင်းပပြုလုပ်တဲ့ ပုလင်းသွပ်စက်ရုံဖွင့်ပွဲ အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။
ဒီဖွင့်ပွဲကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်းနဲ့ Albright Stonebridge အုပ်စုဥက္ကဋ္ဌ ဖြစ်တဲ့ မက်ဒယ်လင်း အောဘရိုက်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ပြည်တွင်းစီးပွားဖက်ဖြစ်တဲ့ ပင်းယ ထုတ်လုပ်ရေးကုမ္ပဏီမှ အရာရှိတွေနဲ့ တခြားကိုကာကိုလာ ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။
ဒါဟာ ကုမ္ပဏီအနေနဲ့ မနှစ်က မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်လာပြီးနောက်မှာ ကိုကာကိုလာအချိုရည်ကို ပြည်တွင်းမှာ ပထမဆုံး ပုလင်းသွင်း ထုတ်လုပ်တာလည်း ဖြစ်ပါတယ်။ အခုဆိုရင် ကိုကာကိုလာ ကုမ္ပဏီဟာ မြန်မာပြည်တွင်းမှာပဲ အချိုရည် ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်း၊ ငှားရမ်းခြင်း စတဲ့လုပ်ငန်းအဆင့်တွေကို ရေရှည် လုပ်ကိုင်သွားမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံကို နိုင်ငံတကာရဲ့ ပိတ်ဆို့ဒဏ်ခတ်အရေးယူမှုတွေ ရုပ်သိမ်းလိုက်ပြီးနောက် မြန်မာအစိုးရရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေသစ်အောက်မှာ ကိုကာကိုလာ ကုမ္ပဏီဟာ မြန်မာနိုင်ငံတွင်း ပထမဆုံး ရင်းနှီးမြှုပ်နှံခွင့် ရရှိတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။
ကိုကာကိုလာ စက်ရုံ ဖွင့်လှစ်လိုက်ခြင်းဟာ ကိုကာကိုလာကုမ္ပဏီရဲ့ နောက် ၅ နှစ်ကျော်ကာလ အတွက် ဒေါ်လာ သန်း ၂၀၀ ရင်းနှီးမြှုပ်နှံမယ့် အစီအစဉ်ကို လက်တွေ့ပြလိုက်တာလည်း ဖြစ်ပါတယ်။
ကိုကာကိုလာ ကုမ္ပဏီဟာ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုလုပ်ပြီး အချိုရည်တွေကို ပြည်တွင်းမှာပဲ ထုတ်လုပ်ခြင်း၊ ဒေသခံတွေကို အလုပ်ပေးအပ်ခြင်း၊ ပြည်တွင်းက ကုန်ကြမ်းသွင်းသူ၊ ဖြန့်ဖြူးသူတွေကို ငှားရမ်းခြင်းနဲ့ အဖွဲ့အစည်းအတွင်း ရင်းနှီးမြှုပ်နှံမှုအစီအစဉ်တွေကို ထောက်ပံ့ကူညီခြင်းတွေကနေ မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး အကျိုးစီးပွားတွေ ဖြစ်ထွန်းအောင် အကူအညီပေးသွားမယ်လို့ ဆိုပါတယ်။
ကိုကာကိုလာ ကုမ္ပဏီရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ အလုပ်အကိုင်တွေ ဖန်တီးပေးသွားနိုင်မှာဖြစ်ပြီး နောင် ၅ နှစ်တာ ကာလမှာ ကိုကာကိုလာကနေ အလုပ်အကိုင်ပေါင်း ၂ သောင်း ၂ ထောင်ကျော် ဖန်တီးပေးနိုင်လိမ့်မယ်လို့လဲ ခန့်မှန်းထားပါတယ်။