DVB Logo
Home
မြန်မာသတင်း
ပြင်ဦးလွင်တွင် ထွန်တုံးတိုက်ပွဲဝင် တောင်သူများ တရားစွဲခံရ
DVB
·
June 4, 2013
Donate to DVB

မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်ထဲမှာ အသိမ်းခံရတဲ့ မြေယာပေါ် ပြန်ပြီး ထွန်ယက် စိုက်ပျိုးနေကြတဲ့ တောင်သူတွေ  တရားစွဲခံနေရပါတယ်။

ပြင်ဦးလွင်မြို့နယ် ကျင်ဂနိုင်၊  အောင်ချမ်းသာ၊ ပင်လိန်၊ ရေခြံစု၊  သက်ကယ်၊ ၀က်ဝံ၊ ဘူတာနဲ့ ညောင်ကုန်း စတဲ့ရွာတွေက   တောင်သူတွေ တရားစွဲခံနေရတာလို့ တရားလွှတ်တော်ရှေ့နေ ဦးမြင့်သွင်က ဒီဗွီဘီကို ပြောပါတယ်။

“အခုက အစွဲခံထားရတာတွေ အများကြီးပဲ၊ ပုဂ္ဂလိကတွေ၊ လုပ်ငန်းရှင်တွေကနေ စွဲထားတာ အများကြီးပဲ။ ကျင်ဂနိုင်ရွာမှာဆို ၁၄ ယောက်ရှိတယ်။ နောင်ချို ဒီဘက်မှာလေ။ တောင်သူတွေက စိုက်လို့အစွဲခံရတာရော တောင်သူတွေက ပြန်စွဲတာရော။ ကျနော် သိသလောက်ဆို ဥပဒေနဲ့အညီ လျော်ထားတာမရှိဘူး၊ သိမ်းထားတာ မရှိဘူး။ ဥပဒေနဲ့အညီ အမည်ပေါက်ထားတာ မရှိဘူး။ တောင်သူတွေအပေါ် ဥပဒေနဲ့အညီ အာဏာပိုင်တွေ မဆက်ဆံတော့ တောင်သူတွေ ဒုက္ခရောက်နေတာ အများကြီးပဲ။”

ဥပဒေအရ မြေယာတွေထဲမှာ စီမံကိန်းတို့၊ ကုမ္ပဏီတို့ဘက်က  ဘာမှစိုက်ပျိုးထားတာ မရှိဘူးဆိုရင် တောင်သူတွေအနေနဲ့ ၀င်ရောက် စိုက်ပျိုးခွင့် ရတယ်လို့ ဆိုထားတဲ့အတွက်  တောင်သူတွေဟာ သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးရုံးကို အကြောင်းကြားပြီး ၀င်ရောက် ထွန်ယက်ပေမယ့်လည်း တဘက်က တိုင်ကြားအရေးယူခံနေရတာလို့ ပြောပါတယ်။

အရေးယူခံရသူတွေထဲ အောင်ချမ်းသာရွာက တောင်သူ ဦးဝင်းဆွေကို မေလ ၃၁ ရက်နေ့က တရားရုံးကနေ ထောင်ဒဏ် ၃ လ အပြစ်ပေးခဲ့တယ်လို့ ဦးမြင့်သွင်က ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး  တောင်သူလယ်သမားကွန်ရက်အဖွဲ့ဝင် ဦးကျော်ဆန်းက “မြေကို စသိမ်းကတည်းက လျော်ကြေးပေးတာတွေမရှိဘဲ ခြံစည်းရိုးကာလိုက်တယ်။ ပြီးတော့ ဘာမှမစိုက်ဘူး။ သူတို့မှာ လုပ်ကိုင်စားသောက်စရာမြေမရှိဘူး၊ ရာသီကလည်း ပြင်ဦးလွင်က မိုးတော်တော်ကောင်းနေတော့ ကိုယ့်ခြံကိုယ် ထွန်ယက်မယ်ဆိုပြီး ထွန်ယက်တော့ ပုဒ်မ ၄၂၇ ကျော်နင်းမှုနဲ့ ၄၄၇ အကျိုးဖျက်ဆီးမှုရယ်နဲ့ တရားစွဲခံရတာ။ သူ့ခြံကို တဖက်လုပ်ငန်းရှင်က ခြံစည်းရိုးကာထားတော့ ပိုင်နက်ကျူးလွန်မှု ပိုအထမြောက်သွားတာ။ ပြင်ဦးလွင်မှာ အယူခံဝင်ထားတော့ ပြင်ဦးလွင်အချုပ်ကနေ မန္တလေး အိုးဘိုကို မပို့သေးဘူး။ ”

၂ ဧကလောက် ကျယ်ဝန်းတဲ့ သူရဲ့ ဓားမဦးချမြေကို ကော်ဖီစိုက်ပျိုးရေးစီမံကိန်းက လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ်က ၀င်ရောက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး ဘာမှ စိုက်ပျိုးထားတာ မရှိတဲ့အတွက် သက်ဆိုင်ရာကို အကြောင်းကြားပြီး ပြီးခဲ့တဲ့ ဧပြီက  စပါးဝင်စိုက်တာလို့ ဆိုပါတယ်။

ကျူးကျော်မှု၊ အကျိုးဖျက်ဆီးမှုတွေနဲ့ တရားလို ဦးမြင့်သူက ဦးဝင်းဆွေကို တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အနီးစခန်း ရေခြံစုကျေးရွာက  တောင်သူ ၃၀ လောက်ဟာလည်း မြေကိစ္စနဲ့ပတ်သက်ပြီး တရားရင်ဆိုင်နေရဆဲဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ပြင်ဦးလွင်မြို့နယ်ထဲမှာ စစ်အစိုးရလက်ထက်ကစပြီး စစ်တပ်၊ အထွေထွေ အုပ်ချုပ်ရေးနဲ့ စိုက်ပျိုးရေးစီမံကိန်း အမျိုးမျိုးတို့က ရွာသားပိုင်စားကျက်မြေတွေကို သိမ်းယူပြီး  သီးစားချထားတာ၊ အကွက်ဖော်ရောင်းချတာ၊ ပိုးစာပင်နဲ့ ကော်ဖီပင်စိုက်ပျိုးရေးတွေ ၀င်လုပ်တာ ရှိပေမယ့် တိကျတဲ့ လျော်ကြေးပေးဆောင်မှုတွေ မရှိသလို တချို့ရွာသားတွေဘက်ကလည်း မြေယာအထောက်အထားတွေ မပြည့်စုံတာကြောင့် ရှုပ်ထွေးမှုတွေ ရှိနေတယ်လို့  ဦးမြင့်သွင်က ပြောပါတယ်။

ပြင်ဦးလွင်မြို့နယ်ထဲမှာ အသိမ်းခံရတဲ့မြေဧက စုစုပေါင်း ၁ သောင်းကျော်ရှိမယ်လို့   သူက ခန့်မှန်း ပြောဆိုလိုက်ပြီး  ဒီပြဿနာတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်က ဥပဒေနဲ့ အညီ ဖြေရှင်းပေးနိုင်မှု အားနည်းတယ်လို့ ဆိုပါတယ်။

ဒါကြောင့် နေပြည်တော်က ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင်၊ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ၊ အမျိုးသားလွှတ်တော်  ပြည်သူ့အတွက် တိုင်ကြားစာနဲ့ အသနားခံစာကော်မတီ စတဲ့ လွှတ်တော်ကြီး ၃ ရပ်ကို မနှစ်က တိုင်ကြားစာ တင်ထားတယ်လို့ ဦးမြင့်သွင်က ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013