ဆိုင်ဘာဖောက်ထွင်းသူများ ကိုရိုနာကာကွယ်ဆေးထုတ်သည့် ကုမ္ပဏီကို ပစ်မှတ်ထားခဲ့ဟုဆို

တရုတ်အစိုးရနဲ့ ပတ်သက်နေတဲ့ ဆိုင်ဘာဖောက်ထွင်းသူတွေဟာ အမေရိကန် အခြေစိုက် ကိုရိုနာဗိုင်းရပ်စ် သုတေသနပြု ထိပ်တန်းကာကွယ်ဆေးထုတ်လုပ်သူ ဇီဝနည်းပညာကုမ္ပဏီ မိုဒါနာကို ပစ်မှတ်ထားခဲ့ကြတယ်လို့ ဆိုင်ဘာဖောက်ထွင်းမှုကို ခြေရာခံနေတဲ့ အမေရိကန်လုံခြုံရေး အရာရှိတယောက်ကို ကိုးကားပြီး ဇူလိုင် ၃၁ ရက် ရိုက်တာသတင်းဌာနမှာ ဖော်ပြပါတယ်။ ဒီနှစ်အစောပိုင်းကလည်း အဖိုးတန် သတင်းအချက်အလက်တွေကို ခိုးဖို့ကြိုးစားခဲ့တယ် လို့ ဆိုပါတယ်။ အရင်သီတင်းပတ်က အမေရိကန်နိုင်ငံထဲမှာ သူလျှိုလုပ်နေတယ်လို့ စွပ်စွဲခံထားရတဲ့ တရုတ်နိုင်ငံသား ၂ ယောက်ကို အမေရိကန်တရားရေးဌာနက လူသိရှင်ကြား တရားစွဲခဲ့ပါသေးတယ်။ သူတို့ဟာ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ တိုက်ဖျက်ရေး ဆေးဘက် သုတေသနပြုနေတဲ့ အမေရိကန်အခြေစိုက် နာမည်မဖော်တဲ့ ပစ်မှတ် ၃ ခုကို သူလျှို ထောက်လှမ်းခဲ့တယ်လို့ စွဲချက်က ဆိုပါတယ်။ ဇန်နဝါရီလက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး တီထွင်နေတယ်လို့ လူသိများတဲ့ မန်ဆာ ချူးဆက် ဇီဝနည်းပညာလုပ်ငန်းက ကွန်ပြူတာ ကွန်ရက်ကိုလည်း တရုတ် ဟက်ကာတွေက ထောက်လှမ်းခဲ့ကြတယ်လို့ ဆိုပါတယ်။ မိုဒါနာကထုတ်တဲ့ စမ်းသပ်ဆဲ ကာကွယ်ဆေးဟာ အစောဆုံး ထုတ်တာဖြစ်ပြီး ကပ်ရောဂါ တိုက်ဖျက်ရေးမှာ အမေရိကန်အစိုးရက မျှော်လင့်ချက် အထားဆုံးလည်း ဖြစ်ပါတယ်။ ကုမ္ပဏီက ထုတ်ဖို့ကြိုးစားနေတဲ့ ကာကွယ်ဆေးအတွက် အစိုးရက အမေရိကန်ဒေါ်လာ သန်း ၅၀၀ နီးပါး ထောက်ပံ့ထားပြီး ဒီလအစောပိုင်းမှာ လူ အယောက် ၃ သောင်းလောက်နဲ့ စမ်းသပ်ဖို့ ပြည်ထောင်စုအစိုးရက ထောက်ပံ့ထားပါတယ်။  တရုတ်ကလည်း ကမ္ဘာတလွှား လူ အယောက် ၆ သိန်း ၆ သောင်းကျော် သေဆုံးထားတဲ့ ကပ်ရောဂါကို တိုက်ဖျက်ရေး ပြည်ထောင်စုအဆင့် စစ်တပ်နဲ့ ပုဂ္ဂလိကကဏ္ဍ အားလုံးအတူ စုပေါင်းပြီး ကာကွယ်ဆေး ထုတ်ဖို့ ကြိုးစားနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up