ကမ္ဘောဒီးယား၌ ပိတ်မိနေသည့် မြန်မာနိုင်ငံသား ၆၅ ဦးကို ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်ခေါ်
DVB
·
July 31, 2020
ကမ္ဘောဒီးယားနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲကြုံတွေ့ နေရတဲ့ မြန်မာနိုင်ငံသားတွေကို ဒီကနေ့ ဇူလိုင် ၃၁ ရက်မနက်က ဖနွမ်ပင်မြို့ကနေ ကယ်ဆယ်ရေးလေယာဉ်နဲ့ ရန်ကုန်မြို့ကို ဒုတိယအကြိမ် ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။
မြန်မာသံရုံးနဲ့ မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) တို့ပူးပေါင်းပြီး ကပ်ရောဂါကာလတွင်း ကမ္ဘောဒီးယားနိုင်ငံမှာ ဆက်လက်နေထိုင်ဖို့ အခက်အခဲ ရှိတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်လည်ခေါ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
ကယ်ဆယ်ရေးလေယာဉ်ပေါ်မှာ မြန်မာနိုင်ငံသား ၆၅ ဦးနဲ့ အရေးပေါ်တာဝန်/ကိစ္စနဲ့ မြန်မာနိုင်ငံကို သွားရောက်မယ့် နိုင်ငံခြားသား ၅ ဦး စုစုပေါင်း ၇၀ ဦး လိုက်ပါသွားပြီး သံအမတ်ကြီး ဦးသစ်လင်းအုန်းနဲ့ သံရုံးဝန်ထမ်းတွေက ဖနွမ်ပင် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ကူညီ ဆောင်ရွက်ပေးခဲ့ကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်ကလည်း ကမ္ဘောဒီးယားနိုင်ငံရောက် မြန်မာနိုင်ငံသား အယောက် ၉၀ နဲ့ အရေးပေါ်ကိစ္စ တာဝန်နဲ့ သွားရောက်မယ့် နိုင်ငံခြားသား ၇ ယောက်ကို MAI ကယ်ဆယ်ရေးလေယာဉ်နဲ့ ရန်ကုန်ကို ပထမအကြိမ် ခေါ်ယူခဲ့ပါတယ်။