ကန်ကြီးထောင့်မြို့နယ်ရှိ အသောကရာမကျောင်းတိုက်ကို ချိတ်မပိတ်ရေး ဒေသခံ ၂၀၀ ခန့် ဆန္ဒပြ

ဓာတ်ပုံ - ဆန်းမြင့်
ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်၊ ဆင်ဂေါင်းကျေးရွာရှိ အသောကရာမကျောင်းတိုက်ကို သံဃနာယကအဖွဲ့ အဆင့်ဆင့်ရဲ့ ဆုံးဖြတ်ချက်နဲ့ ချိတ်မပိတ်စေဖို့ ဒေသခံ ၂၀၀ နီးပါးက ဇူလိုင် ၃၀ ရက်နေ့က ပုသိမ်မြို့မှာ လာရောက် ဆန္ဒပြပါတယ်။ အာသောကရာမကျောင်းတိုက်မှာ ဆင်ဂေါင်းကျေးရွာသားတွေ အစဉ်အဆက် ကိုးကွယ်ခဲ့တဲ့ ဆရာတော် ဥူးစန္ဒိမာခရီးသွားနေခိုက် အမည်မသိတောထွက် ရဟန်းနှစ်ပါးက ဝင်ရောက် သော့များဖျက်ကာ နေထိုင်ခဲ့ကြပြီး ဆရာတော်ပြန်ရောက်လာချိန်မှာ ကျောင်းပေါ်မှ ဖယ်မပေးတဲ့အတွက် နိုင်ငံတော်သံဃနာယကက အဆိုပါသံဃာနှစ်ပါးကို ကျောင်းပေါ်ကနေ ဖယ်ရှားပေးဖို့နဲ့ ဆရာတော်ဥူးစန္ဒိမာ ဆက်လက်ကျောင်းထိုင်ဖို့ ဆုံးဖြတ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ တိုင်းသံဃနာယကအဖွဲ့က ဘုန်းကြီးကျောင်းကိုချိတ်ပိတ်မယ်လို့ ဆိုတဲ့အတွက် ပုသိမ်ကိုလာရောက် ဆန္ဒထုတ်ဖော်တာလို့   ပါဝင်သူ ဆင်ဂေါင်းရွာသားတစ်ဦးက ပြောပါတယ်။ "နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က အဲ့လိုဆုံးဖြတ်ခဲ့ပေမဲ့ တိုင်းသံဃနာယကအဖွဲ့က ဒီနေ့ ညနေ ၅ နာရီမှာ ဆရာတော်ဥူးစန္ဒိမာရော တောထွက်သံဃာနှစ်ပါးပါ ကျောင်းပေါ်ကဆင်းပြီး ကျောင်းကိုချိတ်ပိတ်မယ်ဆိုလို့ အခုလိုပုသိမ်လာပြီး ဆန္ဒထုတ်ဖော်တာပါ" ဆန္ဒဖော်ထုတ်သူတွေဟာ  ပုသိမ်မြို့၊မဟာဗန္ဓုလလမ်းအတိုင်း စီတန်းလှည့်လည်ခဲ့ကြပြီး  ဆရာတော် ဥူးစန္ဒိမာ ကျောင်းပေါ်မှ ဆင်းမပေးရေးနဲ့ အသောကာရာမကျောင်း ချိတ်မပိတ်ရေးကို ကြွေးကျော် တောင်းဆိုခဲ့ကြပါတယ်။  ဆန္ဒဖော်ထုတ်သူတွေဟာ ခွင့်ပြုမိန့်မတင်ပဲ ပုသိမ်မြို့ကို လာရောက် ဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ပြီး ကိုဗစ်-၁၉ ကာလမှာ လူစုလူဝေးမဖြစ်ပွားစေဖို့ ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့က ငြိမ်းချမ်းစွာလူစုခွဲခဲ့ပြီး ဦးဆောင်သူ ၆ ဦးကို ဧရာဝတီတိုင်းသံဃမဟာနယကရုံးကို ခေါ်ယူပြီးညှိနှိုင်း ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။ မင်းထက်မုန်း 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up