ဂျော်ဒန်၊ စင်ကာပူနှင့် ဗီယက်နမ်တို့တွင် အခက်အခဲကြုံနေသည့် မြန်မာ ၃၅၈ ဦးကို ပြန်ခေါ်
DVB
·
July 31, 2020
ဂျော်ဒန်၊ စင်ကာပူနဲ့ ဗီယက်နမ်နိုင်ငံတို့မှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသား ၃၅၈ ယောက်ကို ကယ်ဆယ်ရေးလေယာဉ်နဲ့ မနေ့က ပြန်လည်ခေါ်ဆောင်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ကိုဗစ်-၁၉ ရောဂါကာလ ဂျော်ဒန်နိုင်ငံမှာ လေကြောင်းလိုင်းပြေးဆွဲတာ ယာယီရပ်ဆိုင်းထားတာကြောင့် အခက်အခဲကြုံတွေ့နေရတဲ့ Sidney Apparel ကုမ္ပဏီက မြန်မာနိုင်ငံသား ၃ ဦး၊ Camel and Vega ကုမ္ပဏီက ၁၁၈ ဦး၊ စုစုပေါင်း မြန်မာနိုင်ငံသား ၁၂၁ ဦး မြန်မာ့လေကြောင်း MAI နဲ့ ဇူလိုင် ၃၀ ရက်နေ့ ၁၄:၃၀ နာရီက ပြန်လည်ခေါ်ဆောင်ခဲ့တာပါ၊
အလားတူ စင်ကာပူနိုင်ငံမှာ အခက်အခဲ ကြုံနေတဲ့ မြန်မာနိုင်ငံသား ၁၅၅ ဦးနဲ့ ဗီယက်နမ်နိုင်ငံက မြန်မာနိုင်ငံသား ၈၂ ဦးတို့ကိုလည်း ပြန်လည်ခေါ်ဆောင်ခဲ့ပြီး ဇူလိုင် ၃၀ ရက်နေ့ မွန်းတည့်ပိုင်းမှာ ပြန်လည် ရောက်ရှိခဲ့ကြပါတယ်။
ပြန်ရောက်လာသူတွေကို ကျန်းမာရေးစိစစ်ရေးပြီး ၂၁ ရက်တာ အသွား အလာ ကန့်သတ်နေထိုင်ရေး စီစဉ်ပေးသွားမယ်လို့ ဆိုပါတယ်။
ကိုဗစ်-၁၉ ကာလ ပြည်ပနိုင်ငံတွေမှာ အခက်အခဲကြုံတွေ့နေတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်လည် ခေါ်ဆောင်ခဲ့တာ စုစုပေါင်း ၉၃၇၃ ယောက်ရှိပြီလို့ သိရပါတယ်။