Home
မြန်မာသတင်း
ဖိတ်ကြားပါ ၂၁- ရာစုပင်လုံညီလာခံတက်ရန်  မြောက်ပိုင်းအဖွဲ့များကို တရုတ် တိုက်တွန်း 
အောင်သူ
·
July 30, 2020
မြန်မာအစိုးရနဲ့ မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုပြန်စကြဖို့နဲ့ ၂၁ ရာစုပင်လုံညီလာခံ တက်ရောက်ဖို့ အစိုးရက မြောက်ပိုင်းအဖွဲ့တွေကို ဖိတ်လာပါက  သွားတက်ကြဖို့ တရုတ်ဘက်က တိုက်တွန်းလိုက်ပါတယ်။ တရုတ်အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော့ရှန်နဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) လက်မှတ်မထိုးရသေးတဲ့ မြောက်ပိုင်းအဖွဲ့တွေ ဇူလိုင် ၂၅ ရက်က တရုတ်နိုင်ငံ ယင်ကျန်းမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့စဉ် တိုက်တွန်းလိုက်တာပါ။ အဲဒီတွေ့ဆုံပွဲကို ကချင်လွတ်မြောက်ရေးတပ်မတော် (အေအိုင်အေ) ဘက်ကတော့ ဗိုလ်ချုပ်ကြီး အန်ဘန်လနဲ့ ဗဟိုကော်မတီဝင် ၅ ဦးတက်ရောက်ခဲ့တယ်လို့  ကချင်လွတ်လပ်ရေးအဖွဲ့ သတင်းပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူက ဒီဗွီဘီကို အတည်ပြုပြောပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆက်လက်ဆောင်ရွက်ဖို့နဲ့ နယ်စပ်ဒေသတွေမှာတိုက်ပွဲတွေ မဖြစ်အောင်ကြိုးစားကြဖို့ စတဲ့အချက်တွေကို  တရုတ်အထူးကိုယ်စားလှယ်က တိုက်တွန်း ပြောဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။ တရုတ်အထူးကိုယ်စားလှယ်နဲ့ တခြားလက်နက်ကိုင်အဖွဲ့တွေလည်း တွေ့ဆုံခဲ့တယ်ဆိုတဲ့သ တင်းစကားတွေကြားရပေမဲ့ ဘာတွေ ဆွေးနွေးခဲ့လဲဆိုတာ သူ့အနေနဲ့ မသိဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းကတော့ သူအနေနဲ့ အခုတွေ့ဆုံမှုအကြောင်းကို သိရှိခြင်းမရှိဘူးလို့ ပြောပါတယ်။ ဗိုလ်မှူးကြီးနော်ဘူကတော့ ညီလာခံတက်ဖို့ အစိုးရဘက်က ဖိတ်စာအခုထိမရသေးသလို တက်ဖို့ဖိတ်လာခဲ့ရင်လည်း ကေအိုင်အေက ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင် ဖြစ်တဲ့အတွက် FPNCC ရဲ့သဘောထားနဲ့ တက်ရောက်မယ်လို့ ဆိုပါတယ်။ အစိုးရဘက်ကတော့ ဩဂုတ်လ ဒုတိယအပတ် နေပြည်တော်မှာ ကျင်းပမယ့် စတုတ္ထအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ အစည်းအဝေးကို  အန်စီအေ လက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေကို ဖိတ်ဖို့ရှိတယ်လို့ ပြောထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024