DVB Logo
Home
မြန်မာသတင်း
သဘာဝဓာတ်ငွေ့ဈေးနှုန်း ပြင်ဆင်မည်
DVB
·
June 3, 2013
Donate to DVB

ပြည်တွင်းမှာ ရောင်းချနေတဲ့ သဘာဝဓာတ်ငွေ့ဈေးနှုန်းကို သင့်တင့်မျှတတဲ့ ဈေးနှုန်းအဖြစ် မကြာမီ ပြင်ဆင်သတ်မှတ် ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိပြည်တွင်းမှာ ရောင်းချနေတဲ့ သဘာဝဓာတ်ငွေ့ (CNG) ဈေးနှုန်းက အိမ်နီးချင်း နိုင်ငံတွေနဲ့ယှဉ်ရင် များစွာသက်သာမှု ရှိတာကြောင့် ပြင်ဆင်သတ်မှတ်ပေးဖို့အတွက် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ စွမ်းဆောင်ရည်အကဲဖြတ်အဖွဲ့ထံ အကြံပြုတင်ပြထားပြီးဖြစ်ပါတယ်။

ဒါကြောင့် သင့်တင်မျှတတဲ့ ဈေးနှုန်းနဲ့ ရောင်းချပြီးတော့ ရရှိလာတဲ့ငွေကို အခြားလိုအပ်တဲ့ ပညာရေး၊ ကျန်းမာရေးကဏ္ဍတွေမှာ သုံးစွဲသွားခြင်းဖြင့် အများပြည်သူအကျိုးစီးပွားကိုလည်း ပိုမိုဆောင်ရွက်ပေးနိုင်မှာ ဖြစ်တယ်လို့ စွမ်းအင်ဝန်ကြီးဌာနက ဇွန်လ ၁ ရက်နေ့စွဲဖြင့် သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ သဘာဝဓာတ်ငွေ့ ၁ ကီလိုဂရမ်အတွက် ရောင်းဈေးနှုန်းမှာ ကျပ် ၂၇၃ ကျပ်သာရှိပြီး အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ ကျပ် ၁၃၀၀၊ ဖိလစ်ပိုင်နိုင်ငံမှာ ကျပ် ၁၂၆၆၊ စင်ကာပူနိုင်ငံမှာ ကျပ် ၁၀၆၈ ကျပ်၊ အိန္ဒိယနိုင်ငံမှာ ကျပ် ၆၆၆ ရှိတာပါ။

ပြည်ပနိုင်ငံတွေရဲ့ ဈေးနှုန်းနှင့်နှိုင်းယှဉ်ပြီး သင့်တင်တဲ့ဈေးနှုန်းဖြင့် ပြင်ဆင်ရောင်းချရာမှာ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ စွမ်းဆောင်ရည်အကဲဖြတ်အဖွဲ့ထံ အကြံပြုတင်ပြထားတဲ့အတိုင်း အငှားယာဉ်တွေကို ရောင်းချမယ့် သဘာဝဓာတ်ငွေ့ဈေးနှုန်းကိုသာ ပထမအဆင့်အနေနဲ့ ပြင်ဆင်သတ်မှတ်သွားမှာဖြစ်ပြီး အများပြည်သူ အသုံးပြုနေတဲ့ ဘတ်စ်ကားတွေအတွက် ပြင်ဆင်မှာမဟုတ်ဘူးလို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ တရားဝင်ခွင့်ပြုထားတဲ့ သဘာဝဓာတ်ငွေ့သုံး မော်တော်ယာဉ်စီးရေဟာ ၂၇,၄၇၆ စီးရှိပြီးတော့ သဘာဝဓာတ်ငွေ့အရောင်းဆိုင် ၄၅ ဆိုင်ကနေ ၁ လကို သဘာဝဓာတ်ငွေ့ကုဗပေသန်း ၆၀၀ခန့်ကို ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါတယ်။

လတ်တလောပြည်တွင်းမှာ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းနှင့် ဇောတိကစီမံကိန်းတို့ဟာ ပြည်တွင်းသုံးစွဲဖို့အတွက် ထုတ်ယူသုံးစွဲနိုင်ခြင်း မပြုနိုင်သေးမီကာလနဲ့ ကုန်းတွင်းသဘာဝဓာတ်ငွေ့ တိုးတက်ထွက်ရှိ မလာသေးမီ စပ်ကြားကာလမှာ  သဘာဝအလျှောက် လျော့နည်းထွက်ရှိနေတဲ့ သဘာဝဓာတ်ငွေ့ကို တွက်ချက်ဖို့ လိုအပ်နေပြီလို့ သိရပါတယ်။

ဒါကြောင့် လက်ရှိပြေးဆွဲနေတဲ့ယာဉ်တွေ စဉ်ဆက်မပြတ် ပြေးဆွဲနိုင်ရေးကို ဦးစားပေးဆောင်ရွက် နေတာကြောင့် အသစ်ထပ်မံတင်သွင်းမယ့် ခရီးသည်တင်ဘတ်စ်ကားတွေအတွက် သဘာဝဓာတ်ငွေ့ရရှိဖို့ အခက်အခဲရှိမယ်လို့လည်း စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013