DVB Logo
Home
မြန်မာသတင်း
မလေးရှားကို မြန်မာအလုပ်သမားသွားရောက်နှုန်း သိသိသာသာနည်းလာ
DVB
·
June 3, 2013
Donate to DVB

မြန်မာနိုင်ငံကနေ မလေးရှားနိုင်ငံကို အလုပ်သွားလုပ်မယ့်သူ မရှိသလောက်နည်းလာတာမို့ မလေးရှားနိုင်ငံကို လုပ်သားတွေပို့ပေးတဲ့ ဝန်ဆောင်မှုအေဂျင်စီလုပ်ငန်း တော်တော်များများ အလုပ်ပါးလာပါတယ်။

ရန်ကုန်အခြေစိုက်ပြည်ပအလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီတွေအနေနဲ့ မလေးရှားနိုင်ငံကို အလုပ်သွားရောက်လုပ်ကိုင်ကြမယ့် မြန်မာအလုပ်သမားရရှိဖို့ ခက်ခဲလာနေတာဟာ ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက ဖြစ်ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းက မလေးရှားနိုင်ငံ ဆာလာရန်းမှာ မြန်မာအလုပ်သမား ၂ ဦး အသတ်ခံခဲ့ပြီးနောက် ဒီရက်ပိုင်းမှာ မလေးရှားကုမ္ပဏီတွေနဲ့ ဆက်သွယ်ထားတဲ့ မြန်မာအေဂျင်စီတွေ သိသိသာသာ အလုပ်ပါးလာတာ ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီးတော့ မလေးရှားနိုင်ငံကို မြန်မာအလုပ်သမားတွေပို့ပေးတဲ့ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတခုရဲ့ မန်နေဂျင်းဒါရိုက်တာ တဦးက အလုပ်ခေါ်ပေမယ့် သွားဖို့ ငြင်းဆန်နေကြတာလို့ ပြောပါတယ်။

“ပုံမှန်မဟုတ်တာတော့ သေချာတယ်။ အလုပ်သွားလုပ်မယ်၊ မလုပ်ဘူးဆိုတာက ဒီဘက်မှာရှိနေတဲ့ အခြေအနေပေါ်မှာလည်း မူတည်တာပေါ့။ လျော့နည်းသွားတာက အဘက်ဘက်ကပေါ့၊ စိုးရိမ်မှုတွေလည်း ပါတယ်။ မတည်ငြိမ်မှုတွေလည်း ပါတယ်။ ဘယ်နေရာမှာမဆို တည်ငြိမ်မှုလျော့နည်းလာရင် အဘက်ဘက်ကနေ ထိခိုက်တာပဲလေ။ မြန်မာနိုင်ငံထဲမှာလည်း သွားမှကိုဖြစ်မယ့်သူတွေလည်းရှိတယ်။ တချို့ကသွားပြီး မိသားစုအတွက် ပိုက်ဆံရှာပေးချင်တဲ့သူလည်း ရှိတယ်လေ။ မသွားလဲ မသွားရဘူး၊ ဟိုဘက်မှာလည်း ကြောက်နေရတဲ့ အခြေအနေတွေလည်း ရှိတယ်။ အခြေအနေတွေက အမျိုးမျိုးဖြစ်နေတာပေါ့။ မသွားရဘူးဆိုတာ ဒီထဲမှာလည်း နေလို့မရပေါ့။ ဘာမှမဖြစ်ရင်တော့ အားလုံးအကောင်းဆုံးပဲ။ တချို့ဆို ခေါ်စာကျတာတောင်မှ မသွားတော့ဘူး၊ မိသားစုက မလွှတ်တာ၊ တည်ငြိမ်မှုမရှိတော့ ကိုယ့်မိသားစုတွေပဲ စည်းစည်းလုံးလုံးနေတာတို့၊ အားလုံးပြီးမှပဲ သွားတော့မယ် လောလောဆယ် ရွှေ့ထားတာတို့ပေါ့။”

မလေးရှားမှာ မြန်မာအလုပ်သမားတချို့တိုက်ခိုက်ခံရတာ၊ အသတ်ခံရတာတွေရှိနေပေမယ့် မိသားစုစားဝတ်နေရေးကြောင့် မဖြစ်မနေသွားရမယ့်သူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

မလေးရှားက လူသတ်မှုဖြစ်စဉ်နဲ့ပတ်သက်လို့ အသေးစိတ်သိရအောင် ကွာလာလမ်ပူအခြေစိုက် မြန်မာသံရုံး ဆက်သွယ်တဲ့အခါမှာတော့ မလေးရှားနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးတင်လတ်က “အန္တရာယ်များတဲ့နေရာတွေက ဆာလာရန်းပေါ့။ ကျန်နေရာတွေကတော့ ပြဿနာမရှိဘူး။ သက်ဆိုင်ရာအလုပ်ရှင်တွေက.များသောအားဖြင့် စက်မှုဇုန်တွေများတယ်လေ၊ နေဖို့ အဆောင်ပေးတယ်။ သံရုံးကလည်း လုံခြုံရေးနဲ့ပတ်သက်လို့ သူတို့ကို ၁၀ မိနစ်လောက် ဝေးတယ်ဆိုရင်တောင် ကားစီစဉ်ပေးဖို့ ပြောတယ်။ ကားစီစဉ်မပေးရင် သံရုံးက ခွင့်ပြုချက်လုပ်မပေးဘူးလို့ ပြောထားတယ်။ သေချာသော အေးဂျင့်နဲ့ ဒီဘက်မလေးရှားက သေချာသော စက်ရုံအလုပ်ရုံဆိုရင် စိတ်ပူစရာမရှိပါဘူး။ သံရုံးကနေလည်း စိစစ်ပြီးမှ Demand Letter တွေက မှန်တယ်လို့ ထောက်ခံထားတဲ့ နေရာတွေက စက်ရုံအလုပ်ရုံတွေဆို ဘာမှမဖြစ်ပါဘူး။ တချို့ကလည်း ပျံကျလေးတွေပေါ့။ အိုဗာစတေးရှိမယ်။ သူတို့တွေကျ တရားဝင်လုပ်နေရတော့ ဈေးတွေဘာတွေလုပ်တော့ ဒီလိုဖြစ်စဉ်လေးတွေ ရှိတယ်။ ကျန်တဲ့ အလုပ်ရုံ၊ စက်ရုံတွေနဲ့ ဈေးဝယ်စင်တာတွေမှာတော့ ပြဿနာမရှိပါဘူး” လို့ ပြောပြပါတယ်။

ဒါပေမယ့် မြန်မာ့အသံက မလေးရှားဆိုင်ရာ မြန်မာသံအမတ် ဦးတင်လတ်ကို မေးမြန်းရာမှာတော့ အခင်းဖြစ်တဲ့ အရပ်ဟာ မလေးရှားအာဏာပိုင်တွေသည်ပင် ထိန်းသိမ်းရခက်ခဲတဲ့ ကုန်စိမ်းဈေးကြီးအနီးဖြစ်ကြောင်းနဲ့ ဘာသာရေး၊ လူမျိုးရေး ပြသနာမဟုတ်ကြောင်း ဖြေရှင်းထားပါတယ်။
သံအမတ်ရဲ့ပြောဆိုချက်အရ မလေးရှားမှာ မြန်မာအလုပ်သမားဦးရေဟာ တရားဝင် ၃ သိန်းနဲ့ တရားမဝင် ၄၀,၀၀၀ ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013