DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်တပ်မတော်နှင့် ရှမ်းအဖွဲ့များ သမ္မတကို တင်မည့်အချက်များ ဆွေးနွေး
DVB
·
June 3, 2013
Donate to DVB

အစိုးရနဲ့ အပစ်ခတ်ရပ်ထားတဲ့ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) အဖွဲ့ဟာ ဒီလထဲမှာ သမ္မတဦးသိန်းစိန်ကို နေပြည်တော်မှာ သွားရောက်တွေ့ဆုံဖို့ ရှိပြီး သမ္မတဆီတင်ပြမယ့် အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ရှမ်းအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

သမ္မတနဲ့ တွေ့ဆုံရာမှာ မိမိအဖွဲ့အစည်းရဲ့ သဘောထားအနေနဲ့ မဟုတ်ဘဲ ရှမ်းပြည်သူလူထုရဲ့ သဘောဆန္ဒပေါ် အခြေခံတဲ့ အချက်တွေနဲ့ ဆွေးနွေးလိုတဲ့အတွက်  အခြားရှမ်းလက်နက်ကိုင်တပ်ဖွဲ့၊ နိုင်ငံရေးအဖွဲ့နဲ့ လူထုအခြေပြုအဖွဲ့ စတဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တာလို့ ရှမ်းပြည်တပ်မတော် တောင်ပိုင်းရဲ့ ပြောခွင့်ရ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ပြောပါတယ်။

“အဓိကက အပစ်အခတ်ရပ်စဲရေး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် နှစ်ဖက်စလုံးက ဆွေးနွေးပွဲက ရရှိထားတဲ့ သဘောတူညီချက်တွေအတိုင်း အကောင်အထည်ဖော်ပေးဖို့၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို မတရားအသင်းကနေ ပယ်ဖျက်ပေးဖို့၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်မြောက်အောင်၊ တတိုင်းပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးတွေလုပ်ပေးဖို့ အဲအချက်တွေပါပါတယ်။”

ရှမ်းပြည်နယ်ထဲမှာ တရားဥပဒေစိုးမိုးရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပမာ  ရေကာတာဆောက်လုပ်ရေး၊ သတ္တုတူးဖော်ရေး စတဲ့ စီမံကိန်းတွေ ဆောင်ရွက်ရာမှာ သက်ဆိုင်ရာ ဒေသခံတွေရဲ့ သဘောထားကို ရယူပြီး စီမံကိန်းကြောင့်   ပြည်သူတွေ အန္တရာယ်ဖြစ်စေနိုင်တာကို ကာကွယ်ပေးဖို့၊ ပြည်သူတွေကို နားလည်အောင်ရှင်းပြပေးဖို့လည်း တင်ပြကြတယ်လို့ သူကဆက်ပြောပါတယ်။

ဒါ့အပြင် တိုင်းပြည်ကို ဖက်ဒရယ်ပြည်ထောင်စုစနစ်နဲ့ ချီတက်ဖို့၊ ဒီမိုကရေစီနည်းလမ်းတကျ ပြုပြင်ဖို့၊ နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ စောင့်ကြည့်လေ့လာရေးအဖွဲ့ ထားရှိနိုင်အောင် တောင်းဆိုဖို့ စတဲ့အချက်တွေလည်း တင်ပြထားကြပါတယ်။

ဒါ့အပြင် ယခင်စစ်အစိုးရလက်ထက်က ဖြတ် ၄ ဖြတ်စနစ်ကြောင့် ထိုင်းနိုင်ငံထဲ ၀င်ရောက်ခိုလှုံနေရတဲ့ ရှမ်းဒုက္ခသည်တွေကို   ပြန်လည်လက်ခံ နေရာချထားပေးဖို့၊ နိုင်ငံသားကတ်တွေ လုပ်ပေးဖို့နဲ့ အသိမ်းခံရတဲ့ မြေတွေ ပြန်ရရေးတွေလည်း တင်ပြဆွေးနွေးကြ တယ်လို့ ဆိုပါတယ်။

ရှမ်းအဖွဲ့တွေရဲ့ ဆွေးနွေးချက်တွေ စုစည်းပြီး ဇွန် ၁၀ ရက်နေ့ နောက်ပိုင်း သမ္မတဦးသိန်းစိန်နဲ့ နေပြည်တော်မှာ သွားရောက်တွေ့ဆုံတဲ့အခါ  ဆက်ပြီးတင်ပြသွားမယ်လို့ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ပြောပါတယ်။

ရှမ်းပြည်တပ်မတော် တောင်ပိုင်းရဲ့ ဥက္ကဋ္ဌ ဒုဗိုလ်မှူးကြီး ရွက်စစ်က သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံလိုကြောင်း ပြီးခဲ့တဲ့လက အဆိုပြုထားတာကို သမ္မတက တွေ့ဆုံမယ့်အကြောင်း ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဦးအောင်မင်းက ဇွန်လ ၁ ရက်နေ့မှာ အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

ရှမ်းအဖွဲ့အစည်းတွေ တွေ့ဆုံဆွေးနွေးပွဲကို ဇွန် ၁ ရက် နဲ့ ၂ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မှာ ကျင်းပခဲ့ပြီး  ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းအဖွဲ့၊ ရှမ်းပြည်အရှေ့ပိုင်း မိုင်းလား အခြေစိုက် အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနဲ့ ပြည်ပရောက် ရှမ်းအဖွဲ့အစည်း၊ လူမှုအခြေပြု အဖွဲ့အစည်းနဲ့ ရွှေ့ပြောင်းအလုပ်သမား စတဲ့ အဖွဲ့ပေါင်း ၂၀ လောက်က ကိုယ်စားလှယ်တွေ တက်ရောက်ဆွေးနွေးခဲ့တယ်လို့လည်း  သိရပါတယ်။

ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့ဟာ အစိုးရနဲ့ ပြီးခဲ့တဲ့ ၂၀၁၂ ခု နှစ်က ပြည်နယ်အဆင့် အနေနဲ့ရော ပြည်ထောင်စု အဆင့်နဲ့ပါ အပစ်ခတ်ရပ် လက်မှတ်ရေးထိုးခဲ့ပေမယ့်လည်း တိုက်ပွဲပေါင်း အကြိမ် ၅၀ ထက်မနည်း ပြန်လည်ဖြစ်ပွားခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013