Home
မြန်မာသတင်း
ဧရာဝတီ၊ ချင်းတွင်းနှင့် ဒုဋ္ဌဝတီမြစ်ရေ  မြို့ ၅ မြို့တွင် စိုးရိမ်ရေမှတ်အထက်ရောက်နေ
ပိုင်စိုး
·
July 28, 2020
ဧရာဝတီနဲ့ ချင်းတွင်းနဲ့ ဒုဋ္ဌဝတီမြစ်ရေတို့ဟာ မြို့ ၅ မြို့မှာ စိုးရိမ်ရေမှတ်အထက်ကို ရောက်နေပြီး ညောင်ဦးမြို့နယ်နဲ့ ဆိပ်သာမြို့က မြစ်ကမ်းအနီး၊ မြေနိမ့်ပိုင်းနေထိုင်သူတွေ အနေနဲ့ အထူးသတိပြုနေထိုင်ကြဖို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားပါတယ်။ ဒီနေ့မနက် ၁၁ နာရီအချိန် ထုတ်ပြန်ချက်အရ ဧရာဝတီမြစ်ရေဟာ စစ်ကိုင်းမြို့ စိုးရိမ်ရေမှတ် အထက် ၁ စင်တီမီတာလောက်ကိုရောက်နေပြီး နောက် ၂ ရက်လောက်မှာမှ ပြန်ကျနိုင်မယ်လို့ ဆိုပါတယ်။ ညောင်ဦးမြို့မှာတော့ စိုးရိမ်ရေမှတ်အထက်ကို ပေဝက်လောက်ကျော်နေပြီး နောက် ၂ ရက်အတွင်း ပေဝက်လောက် ထပ်တက်နိုင်ပါတယ်။ ဆိပ်သာမြို့မှာတော့ စိုးရိမ်ရေမှတ်အထက်ကို ၃ လက်မလောက်တက်နေပြီး နောက် ၂ ရက်အတွင်း ပေဝက်လောက် ထပ်တက်နိုင်တယ်လို့ ဆိုပါတယ်။ ချင်းတွင်းမြစ်ရေကတော့ ဖောင်ပြင်မြို့ စိုးရိမ်ရေမှတ်ရဲ့ အထက် ၁ ပေလောက်ကျော်နေပြီး နောက် ၃ ရက်လောက်အတွင်းပြန်ကျနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထုတ်ပြန်ပါတယ်။ ဒုဋ္ဌဝတီမြစ်ရေကလည်း မြစ်ငယ်မြို့စိုးရိမ်ရေမှတ်အထက် ၂ စင်တီမီလောက်ကို ကျော်နေပါတယ်။ ပြီးတော့ ဧရာဝတီမြစ်ရေဟာ သပိတ်ကျင်းမြို့ စိုးရိမ်ရေမှတ်ကိုရောက်ဖို့ ၁၀ စင်တီမီတာ (၄ လက်မလောက်)၊ မန္တလေးမြို့ရဲ့ စိုးရိမ်ရေမှတ်ကိုရောက်ဖို့ ၉ စင်တီမီတာ (၃ လက်မခွဲ)မှာ ရှိနေပါတယ်။ လာမယ့် သြဂုတ်လထဲမှာတော့ ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နဲ့ မုံရွာမြို့တို့မှာ တကြိမ်လောက်စီ စိုးရိမ်ရေမှတ်အထက်ကို မြင့်တက်နိုင်တယ်လို့ ဆိုပါတယ်။ ဧရာဝတီမြစ်ရေကတော့ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နဲ့ ဇလွန်မြို့တို့မှာ တကြိမ်လောက်စီ၊  စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့နဲ့ မဒေါက်မြို့တို့မှာ တကြိမ်လောက်စီ၊ ဒုဋ္ဌဝတီမြစ်ရေဟာ မြစ်ငယ်မြို့မှာ၊ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ၊ သောင်ရင်းမြစ်ရေဟာ မြဝတီမြို့မှာ၊ ပဲခူးမြစ်ရေဟာ ပဲခူးမြို့မှာ၊ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့မှာ စိုးရိမ်ရေမှတ်အထက်ကို တကြိမ်လောက်စီ မြင့်တက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ပြီးတော့ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်း၊ သာပေါင်းနဲ့ ပုသိမ်၊ တိုးမြစ်ရေဟာ မအူပင်မြို့၊ ဘီးလင်းမြစ်ရေဟာ ဘီးလင်းမြို့တို့ရဲ့ စိုးရိမ်ရေမှတ်အထက်ကို တကြိမ်လောက်စီ ကျော်လွန်နိုင်တယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024