A d v e r t i s e m e n t With Us

ဒီးမော့ဆို ဘုရားဖြူကျေးရွာက ကြာကန်တွင် လာရောက်လည်ပတ်သူများ စည်းကားနေ

ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်တားဆီးရေးအတွက် ပိတ်ထားခဲ့တဲ့ ကယားပြည်နယ် အတွင်းက အလည်အပတ်နေရာတွေကို ဇွန်လ ၁၆ ရက်နေ့က ပြန်လည်ဖွင့်လှစ်ပြီးနောက်ပိုင်း ဒီးမော့ဆိုမြို့နယ် ဘုရားဖြူကျေးရွာက ကြာကန်မှာ လာရောက် လည်ပတ်သူတွေနဲ့ စည်ကားနေပါတယ်။ ဘုရားဖြူကျေးရွာက ကြာကန်မှာ ကိုဗစ်-၁၉ ကူးစက်ခံရမှာကို စိုးရိမ်မှုကြောင့် ဇွန်လဆန်းပိုင်းကပိတ်ထားခဲ့ပေမယ့် လာရောက်လည်ပတ်လာသူတွေ များတာတဲ့အတွက် ဇူလိုင် ပထမပတ်လောက်မှာ ပြန်လည်ဖွင့်လှစ်ပေးခဲ့ပါတယ်။ လက်ရှိမှာတော့ လာရောက်လည်ပတ်သူထောင်ချီရှိနေပြီး ဒေသခံတွေလည်း လှေလှော်တာနဲ့ ဈေးရောင်းတာကြောင့် ဝင်ငွေတွေ ရရှိနေကြပါတယ်။ ကျေးရွာမူကြိုဆရာမ ဒေါ်မင်းဖြူက “စောစောပိုင်းကတော့ ဒီတံတားအောက်နားလေးမှာ အစားသောက်လေးနဲ့ လာစားကြ ပျော်ကြ၊နောက်ပိုင်းကျတော့ လှေတွေလာတောင်းစီးကြတယ်။ သူတို့ဖာသာသူတို့ ၁၀၀၀ ကျပ်ပေးပြီးမှ စီးကြတာ။ အဲလိုစီးရင်နဲ့လှေလှော်လာကြတာပေါ့နော်။ လှော်ကြတော့ လူက နည်းနည်းများလာတဲ့အခါကျတော့ တချို့လည်း အရများ၊ တချို့လည်း အရနည်းတဲ့အခါကျတော့ ဒီမှာ ဂိုက်လေးထားပြီးတော့ မျှမျှတတ လုပ်ပေးတာပေါ့နော်။ အလှည့်ကျလုပ်ပေးတယ်။ လှေက ၃၃ စီးရှိတယ်။” လို့ ပြောပါတယ်။ အခုနှစ်ရာသီ မိုးနည်းလို့ အဆိုပါရေကန်အနီးတဝိုက်မှာ လယ်လုပ်သူတွေ လယ်မလုပ်ရတော့တဲ့အတွက် ဒေသခံတွေ စားဝတ်နေရေး ခက်ခဲနေချိန် ဒီလိုကြာကန်ကို လာရောက်သူများတဲ့အတွက် ဒေသခံတွေ စားဝတ်နေရေးအတွက် အဆင်ပြေလာတယ်လို့လည်း ဘုရားဖြူကျေးရွာ ရာအိမ်မှူး ဦးနွေမင်းထွန်းက ပြောပါတယ်။  “အခုက ပြန်ဖွင့်ပေးလိုက်တာ။ ဒီမှာလည်း နည်းနည်းကြပ်တည်းကြလို့၊ လယ်တွေလည်း မစိုက်ရဘူးဆိုတော့လေနော်။ မိုးခေါင်တော့ လယ်က မစိုက်ရဘူး။ အခုက လှေက ၃၃ စီး အလှည့်ကျနဲ့ ဝင်ငွေမျှအောင်လို့ပေါ့။ စနေ၊ တနင်္ဂနွေဆိုရင် လူကနည်းနည်းများတော့ သူတို့ တရက်ကို တသောင်းကျော်လောက်တော့ရတယ်။ ကျန်တဲ့ရက်တွေကတော့ သုံးထောင်လေးထောင် လောက်ပဲ ရမှာပေါ့။ အခုက တကယ်လက်လုပ်လက်စားသမားတွေပဲ။  လယ်စိုက်တယ်ဆိုရင် တရက်ကို ၅၀၀၀ ရတာပေါ့။ အခုက လယ်တွေကလည်း စိုက်ဖို့မရှိဘူး။ အခု ဒီကြာကန်လေး လာပေါ်တော့ နည်းနည်းသက်သာတာပေါ့။” ဘုရားဖြူကျေးရွာက ကြာကန်မှာ အခုနှစ်ကျမှ လူသိများလာပြီး လာရောက်လည်ပတ်သူတွေ များပြားလာတာဖြစ်ပါတယ်။ ဒီးမော့ဆိုမြို့နယ်မှာ ဘုရားဖြူကျေးရွာအပြင် ဖောင်းတောကျေးရွာဘက်မှာလည်း ကြာပင်တွေ စိုက်ပျိုးကြပြီး လာရောက်ပြီး ဓာတ်ပုံအလှရိုက်သူတွေများပြားလာတာပါ။ အဆိုပါကျေးရွာတွေမှာ ပြီးခဲ့တဲ့နှစ်ကမှ ကားလမ်းတွေဖောက်ပြီး လမ်းကောင်းလာတဲ့ အတွက်လည်း သွားလာရေးအဆင်ပြေလာတာလို့လည်း ဒေသခံတွေက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up