၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသမီးကိုယ်စားလှယ်လောင်းပါဝင်မှု ပိုများလာ

လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ   အမျိုးသမီးကိုယ်စားလှယ်လောင်းတွေ  ဝင်ရောက်ယှဉ်ပြိုင်မှုနှုန်းက ၂၀၁၅ ရွေးကောက်ပွဲထက် ပိုများလာတယ်လို့ တိုင်းရင်းသားပါတီတွေ ထံက သိရပါတယ်။  ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရရှိတဲ့ လွှတ်တော်ကိုယ်စားလှယ် ၄၉၁  ဦးထဲမှာ အမျိုးသမီးလွှတ်တော်အမတ် အရေအတွက်က  ၆၇ ဦး ပါဝင်နေပြီး ရာခိုင်နှုန်းအားဖြင့် ၁၃ ရာခိုင်နှုန်း  ရှိနေတာပါ။  ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD)  ပါတီအနေနဲ့ ရှမ်း၊ ကချင်၊ ရှမ်းပြည်နယ်နဲ့  မန္တလေးတိုင်း ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာတွေကို  ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပြီး အမျိုးသမီးကိုယ်စားလှယ်လောင်းတွေကို အနည်းဆုံး မြို့နယ်တိုင်းမှာ ၃၀ ရာခိုင်နှုန်း ပါဝင်လာဖွယ်ရှိနေတယ်လို့ SNLD အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောပါတယ်။ လက်ရှိကိုယ်စားလှယ်လောင်းအဆိုပြုလွှာ လျှောက်ထားသူတွေ ကို စိစစ်နေဆဲ ဖြစ်ပါလို့ အမျိုးသမီးကိုယ်စားလှယ် အရေအတွက်  စာရင်းအတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။ ကချင်ပြည်နယ်ပြည်သူ့ပါတီကတော့ ကချင်ပြည်နယ်အတွင်း ပြည်နယ်လွှတ်တော် ၃၆ နေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာ၊  ဗမာရေးရာဝန်ကြီး၊ ရှမ်းရေးရာဝန်ကြီးအပါအဝင် စုစုပေါင်း ၆၈ နေရာမှာ ကိုယ်စားလှယ်လောင်း ၆၈ ဦးဝင်ရောက်သွားမှာပါ။ ဒီထဲ အမျိုးသမီး ကိုယ်စားလှယ်လောင်း ၉ ဦးပါဝင်နေတာကြောင့် ၂၀၁၅ ရွေးကောက်ပွဲတုန်းကထက်ရာခိုင်နှုန်းများတယ်လို့ ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) ဒု - ဥက္ကဋ္ဌ ဦးကွမ်ဂရောင်အောင်ခန်းက ပြောပါတယ်။   ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီကတော့ ရှမ်း၊ မွန်၊ ကရင်၊ ကယားပြည်နယ်နဲ့  ပဲခူးတိုင်း အတွင်းရှိ မဲဆန္ဒနယ်တွေမှာ  အမတ်နေရာပါင်း ၃၅ နေရာဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ဒီထဲ အမျိုးသမီးကိုယ်စားလှယ်လောင်း ၅ ဦး အထိ ပါဝင်နေပါတယ်။ အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေအနေနဲ့ လွှတ်တော်ထဲနေရာရရှိပါက အမျိုးသမီးအရေးကိစ္စနဲ့ ဥပဒေပြုရေး စတာတွေကို အဓိက ဦးစားပေးလုပ်ဆောင်သွားဖို့ ရှိနေတယ်လို့   ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) အတွင်းရေးမှူး ဦးခွန်သိန်းဖေက ပြောပါတယ်။ မွန်ညီညွတ်ရေးပါတီကတော့  လတ်တလော ကိုယ်စားလှယ် ရွေးချယ်မှုအရ လူငယ်နဲ့ အမျိုးသမီး ပါဝင်မှုဟာ ၃၀ ရာခိုင်နှုန်းကျော်ရှိတယ်လို့လည်း သိရပါတယ်။ လက်ရှိ အာဏာရပါတီဖြစ်တဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကနေ ဝင်ရောက်ယှဉ်ပြိုင်သွားမယ့်  ကိုယ်စားလှယ်လောင်း ၁၁၃၁  ဦးအထဲ အမျိုးသမီးကိုယ်စားလှယ်လောင်းက  ၂၀ ရာခိုင်နှုန်း အထိ ပါဝင်နေပါတယ်။   သတင်း - နန့်ခိုင် 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up