တေးရေး ကေအေတီ ကွယ်လွန်
ရွှေအောင်
·
June 1, 2013
ရော့ခ်သီချင်းတွေရေးပြီး အောင်မြင်ခဲ့တဲ့ တေးရေးကေအေတီဟာ ဒီနေ့ ညနေပိုင်းက ရန်ကုန်မြို့မှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါပြီ။
သူကွယ်လွန်သွားခဲ့ပုံနဲ့ပတ်သက်ပြီး သူငယ်ချင်းဖြစ်တဲ့ ဒီဇိုင်းဆရာမျိုးဆွေသန်းက “၃ နာရီ ပတ်ဝန်းကျင်လောက်က၊ သူက နှလုံးရောဂါအခံလည်း ရှိတယ်လေ။ နှလုံးသွေးကြောကျဉ်းလို့ ခွဲစိတ်ဖူးတယ်။ အခု နှလုံးမောတယ်ဆိုပြီး ဆေးရုံသွားတော့ နှလုံးက ရပ်နေပြီ။ ကြိုးစားတာ မရတော့ဘူး” လို့ ပြောပြပါတယ်။
တေးရေးကေအေတီဟာ လေးဖြူ၊ အငဲနဲ့ ၀ိုင်ဝိုင်းတို့ ဆိုတဲ့သီချင်းတွေ အများဆုံးရေးစပ်ခဲ့သူ တေးရေးဆရာတဦးဖြစ်ပြီး ရော့ခ်သီချင်းတွေရေးပြီး ဂီတလောကထဲ ၀င်လာတာလို့ အိုင်စီတေးဂီတအဖွဲ့ မန်နေဂျာ ဦးကိုကိုလွင်က ပြောပါတယ်။
“သူက ရော့ခ်သီချင်းတွေနဲ့ စ၀င်လာတယ်၊ ရော့ခ်သီချင်းတွေနဲ့ပဲ အောင်မြင်လာတာပေါ့။ လေးဖြူအခွေနဲ့ စဖြစ်တယ်လေ။ ကေအေတီက တောင်ကြီးကနေဆင်းလာပြီးတော့ လေးဖြူအခွေကို အလုပ်လာအပ်တာ လေးဖြူမလာခင်။ သူက တေးရေးဆရာပေါ့။ သူ့သူငယ်ချင်းက သီချင်းဆိုမယ် ဆိုပြီး ပထမဆုံး လာအပ်တာ။ လူသစ်တွေ သူ့သူငယ်ချင်းက အဆိုကောင်းတယ်ပေါ့။ ခေတ်နဲ့တော်တော် ဟပ်တယ်။ သူ့သီချင်းတွေကပေါက်တာများပါတယ်။ သူ့သီချင်း ၁ ခွေထဲ ၂-၃ ပုဒ်ပါရင် အဲဒီသီချင်းတွေ အကုန် ထူးခြားတာများပါတယ်။”
နာမည်ရင်း ဦးကျော်ကျော်အောင်ဖြစ်ပြီး ကဗျာရေးတော့ ကျော်အောင်သစ် ကလောင်အမည်ယူ ရေးပါတယ်။ သီချင်းရေးတဲ့ အခါမှာတော့ ကေအေတီနာမည်နဲ့ ရေးခဲ့တာဖြစ်ပါတယ်။
တေးသီချင်းပေါင်းများစွာ ရေးသားခဲ့တဲ့ တေးရေးကေအေတီဟာ မုံရွာဇာတိဖြစ်ပြီး ကွယ်လွန်ချိန်မှာ တော့ အသက် ၄၈ နှစ် ရှိပါပြီ။
