DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်းတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ များနေ
DVB
·
May 31, 2013
ရန်ကုန်တိုင်းတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ များနေ
Donate to DVB

အခုနှစ် ၄ လအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူဦးရေဟာ မနှစ် တနှစ်လုံးရောဂါ ဖြစ်ပွားသူဦးရေရဲ့ ထက်ဝက်လောက်ရှိနေပြီး ရောဂါဖြစ်ပွားနှုန်း မြင့်တက်နေပါတယ်။

၂၀၁၂ ခုနှစ် တနှစ်လုံး ရန်ကုန်တိုင်းအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၁၀၀ ကျော်ရှိခဲ့ပြီး အခု ၂၀၁၃ ခုနှစ်မှာတော့ ဇန်န၀ါရီလကနေ ဧပြီလအထိ ၄ လအတွင်း ရောဂါဖြစ်ပွားသူ ၅၀၀  ကျော်ရှိတယ်လို့ ရန်ကုန်ကလေးဆေးရုံအုပ်ကြီး ဒေါက်တာသန်းထိုက်က ပြောပါတယ်။

၂၀၁၁ ခုနှစ်နဲ့ နှိုင်းယှဉ်ကြည့်ရင်လည်း ၂၀၁၁ ခုနှစ် တနှစ်လုံး ရောဂါဖြစ်ပွားသူ ၅၀၀ ကျော်သာ ရှိတာကြောင့် ဆတူလောက် ရှိနေတယ်လို့လည်း ဆိုပါတယ်။

သွေးလွန်တုပ်ကွေးရောဂါဟာ ၂-၃ နှစ်ကြာတခါ ပြန်လည်ဖြစ်ပွားတတ်ပြီး အဓိက ခြင်ကိုက်လို့ ဖြစ်တာပါ။

အခုနှစ်ထဲ ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်မှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု အများဆုံး ဖြစ်ပါတယ်။

အခုလိုရာသီမှာ ကလေးတွေ ဘာကြောင့်ပဲဖျားဖျား သွေးလွန်တုပ်ကွေးရောဂါ ဖြစ်နိုင်တာကြောင့် သတိထား စောင့်ကြည့်ဖို့လိုတဲ့အကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာသန်းထိုက်က ပြောပါတယ်။

“ဒီရာသီဥတုမှာ ဘာကြောင့်ဖျားဖျား သွေးလွန်တုပ်ကွေးကြောင့် ဖျားတယ်လို့ ယူဆပြီး ဂရုတစိုက်ကြည့်ရင် ကလေးအသက်ကယ်နိုင်ပါတယ်။ အထူးသဖြင့် သွေးလွန်တုပ်ကွေးမှာ ကလေးတွေဆုံးရင် သွေးလန့်လို့ ဆုံးတာပါ။ သွေးလန့်တာကို ကြိုသိဖို့ လိုပါတယ်။ ဖျားနေရင် မိဘများက ကြောက်ကြတယ်။ ကလေးကဖျားရင် အီတယ်၊ ဂျီကျတယ်၊ ဂနာမငြိမ်ဖြစ်တယ်၊ လက်ဖျားခြေဖျားအေးတယ်၊ အစာမစားဘူး။ ဆရာဝန်တွေက စိတ်မပူပါဘူး၊ ကလေးတွေကဖျားနေချိန်ဆို သွေးမလန့်ပါဘူး။ အဖျားကျသွားချိန်မှ သွေးလန့်တတ်တာ။ မိဘများ သတိထားရမှာက အဖျားရုတ်တရက်ကျသွားတယ်၊ ကျတဲ့အချိန် ကလေးကမှိန်းနေတယ်၊ ဂျီကျနေတယ်၊ ဂနာမငြိမ်ဖြစ်တယ်၊ အစားအသောက်မစားနိုင်ဘူး။ ဆက်တိုက် ဆက်တိုက် ဗိုက်နာတယ်၊ အန်တယ်၊ နှာခေါင်းသွေးလျှံတယ်၊ ဗိုက်နာတယ်၊ ၀မ်းမည်းတွေသွားတယ်၊ ဒါတွေဖြစ်လာရင် ဆေးရုံအမြန်လာဖို့ လိုတယ်။ နေ့နေ့ ညည အချိန်မဆိုင်းဘဲ ကလေးဆေးရုံကို အမြန်လာတက်ဖို့ လိုတယ်။”

စိုးရိမ်ရတဲ့ ရောဂါလက္ခဏာနဲ့ ဆေးရုံတက်ဖို့ ၀န်မလေးကြဖို့လည်း ဒေါက်တာသန်းထိုက်က အခုလို ပြောပါတယ်။

“လက်ဖျားခြေဖျား၊ တံတောင်အောက်၊ ဒူးခေါင်းအောက် ရေခဲတုံးကိုင်ရသလိုအေးပြီဆို ပိုအရေးကြီးပါတယ်။ ဒါကို သွေးလန့်တယ်လို့ ခေါ်တယ်။ ကလေးရဲ့အသက်ကံကြမ္မာက သွေးလန့်ချိန်နဲ့ စနစ်တကျ ဆေးသွင်းကုသချိန် ဘယ်လောက်ကြာလဲပေါ်မှာ မူတည်ပါတယ်။ သွေးလန့်ပြီးတော့ ၃ နာရီအတောအတွင်း ကုနိုင်သလား၊ ၆ နာရီအတွင်း ကုနိုင်သလား၊ ၁၂ နာရီအတွင်း ကုနိုင်သလား၊ ၂၄ နာရီကျော်မှ ကုနိုင်လား။ ကြာလေ ကြာလေ ကလေးရှင်ဖို့ အခွင့်အလမ်းက နည်းပါးလေပါ။ ကျနော်တို့ဖြစ်စေချင်တာက သွေးလွန်တုပ်ကွေးဖြစ်ပြီလို့ သံသယ၀င်ရင် ဆေးရုံကိုအမြန်လာပြပါ။ ဒါဆို ဆောင်ရန် ရှောင်ရန်တွေ နောက် သွေးလွန်တုပ်ကွေး ဟုတ် မဟုတ် စစ်ဆေးပေးပါမယ်။ မလာဖြစ်လို့ သွေးလန့်လက္ခဏာပေါ်ရင်  အမြန်ဆေးရုံလာတက်ဖို့ မေတ္တာရပ်ခံပါတယ်။

“ဆေးရုံကို မိဘများကြောက်ကြတယ်။ ငွေကြေးအဆင်မပြေလို့ မတက်ချင်တာတို့၊ အိမ်သားတွေ မအားလို့ မတက်ချင်တာလည်း ပါတယ်။ သွေးလွန်တုပ်ကွေးသည် အသက်အန္တရာယ်ရှိလို့ တက်စေချင်ပါတယ်။ ငွေကြေးအတွက် ပူစရာမရှိပါဘူး။ နိုင်ငံတော်က ဆေးဝါးအလုံအလောက်ဝယ်ခွင့်ပေးထားလို့ ကလေးတွေ ငွေကုန်မရှိဘဲ ကယ်နိုင်ပါတယ်။ စောစောလာရင် စောစောကယ်နိုင်ပါတယ်။ နောက်ကျလာရင် ကယ်ပေမယ့်လည်း မကယ်နိုင်တာတွေ ကြုံတတ်ပါတယ်။”

ရန်ကုန်ကလေးဆေးရုံကြီးမှာ အခုနှစ်ထဲ သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူ ၁ ဦးပဲ ရှိတယ်လို့ ပြောပါတယ်။
သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားစေတဲ့ ခြင်ကျားပေါက်ဖွားနှုန်းများတဲ့ မိုးဦးကျကာလ ဇွန်၊ ဇူလိုင်နဲ့ ဩဂုတ်လတွေမှာ ရောဂါဖြစ်ပွားတဲ့နှုန်း မြင့်တက်လေ့ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013