Home
ဆောင်းပါး
ကာတွန်းရေးချက် အချုပ် ၂ ရက် 
DVB
·
July 24, 2020
ကာတွန်းဆရာ၊ ဘိရုမာ ခုခါအေးဆေး၊ နေနိုင်သေးလဲ အတိတ်ထဲမှာ၊ နှစ်ရက်ကြာအောင် ချုပ်နှောင်စစ်ဆေး၊ ခံရသေး၏။ ။ ကာတွန်းဆရာ ဘိရုမာ ကာတွန်းဆရာ ဘိရုမာဟာ ၂၀၁၂ ခုနှစ်က အနောက်ပိုင်းခရိုင်ရဲစခန်းမှာ ၂ ရက်ကြာ ခေါ်ယူ စစ်ဆေးခံခဲ့ရတယ်။ သူရေးဆွဲတဲ့ ကာတွန်းတွေအတွက် ထုချေလွှာရေးပေးခဲ့ရပြီးမှ အာမခံ၊ ခြေချုပ်နဲ့ ပြန်လွတ်လာခဲ့ပေါ့။ စာရေးဆရာ အကြည်တော်က သူ့ကို အာမခံလက်မှတ်ထိုးပေးခဲ့ရပါတယ်။ သူ့ကာတွန်းတွေ သိမ်းထားတဲ့ ဟာ့ဒစ်ကိုလည်း အမှုစွဲ ထားတဲ့ကာလတွင်းသိမ်းထားပြီး အခုထိ ပြန်မရတော့။  သူဟာ မိုးမခအွန်လိုင်းစာမျက်နှာ ဧရာဝတီ၊ ဒီဗွီဘီနဲ့ တခြား သတင်းမီဒီယာတွေမှာ ကာတွန်းတွေရေးနေခဲ့တာ ကြာပါပြီ။ သူ ကျူတာလုပ်ခဲ့တဲ့ အမျိုးသား ယဉ်ကျေးမှု တက္ကသိုလ် ပါမောက္ခချုပ်ကလည်း ကျူတာ ဝန်ထမ်းလုပ်နေတဲ့ကြားက နိုင်ငံရေးကာတွန်းတွေနဲ့ စစ်အစိုးရကို သရော်လှောင်ပြောင်ခဲ့တဲ့အပေါ် ခေါ်ယူသတိပေး ကြိမ်းမောင်းခဲ့သေးတယ်။ ဒီနေ့ ကာတွန်းတွေက မြန်လိုက် ကောင်းလိုက်ကြတာ။ မမှန်၊ မကောင်း၊ မဟုတ်တာတွေကို ချက်ခြင်းဖော်ထုတ် ရေးဆွဲနေကြပြီး သတင်းစာ၊ ဂျာနယ်တွေမှာ တွေ့နေရတယ်။ ကာတွန်းဟာ သတင်းစာမပေါ်ခင် ရှေး ပဝေသဏီ ကတည်းက ဝေဖန်ရေး လက်နက်တစ်ခုဖြစ်ခဲ့တာပါ။ နိုင်ငံရေးကမောက်ကမတွေကို ကာတွန်းဟာသနဲ့ သရော် ကြတာပေါ့။  လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀၀ လောက်က အီဂျစ်ဧကရာဇ် ဖာရိုဘုရင်ကို ကျောက်ပြားပေါ် ကာတွန်းတွေေ ထွင်းထု သရော်ခဲ့ကြဖူးတယ်။ ကမ္ဘာ့ကာတွန်းအဦးအစပေါ့။ ၁၇ ရာစုခေတ် အုပ်ချုပ်သူတွေ့ကို သတင်းစာတွေမှာ ကာတွန်းနဲ့ ဝေဖန် သရော်ခဲ့ကြတယ်။  မြန်မာပြည်မှာ ၁၉၁၅ ခုနှစ်က မြန်မာ့ကာတွန်း စပေါ်လာတယ်။ ပထမဆုံး ကာတွန်းဖခင်ကြီးက ရွှေတလေး(ဦးဘကလေး) ၁၈၉၃- ၁၉၄၅ ဖြစ်ပါတယ်။ ၁၉၁၈ ခုနှစ် နောက်ထပ် ကာတွန်းဆရာကြီးတွေ ဖြစ်ကြတဲ့ ဦးဟိန်စွန်း၊ ဦးဘဂျမ်း၊ ဖေသိန်း၊ ဘထွေး၊ ကျော်ဆန်းတို့ အသီးသီးပေါ်လာတယ်။ ကာတွန်းဦးဟိန်စွန်းက “သတင်းစာမှန်ရင် ကာတွန်းပါရမယ်။ ကာတွန်းမပါ သတင်းစာကား  ဆားမပါသော ဟင်းနဲ့ တူသတဲ့”။ ကြီးကျယ်ခမ်းနားတဲ့ ဖြစ်ရပ်၊ အကြောင်းအရာတွေကို စက္ကန့်ပိုင်းနဲ့ စာဖတ်သူတွေ နားလည် ရှင်းလင်း ထိမိ စွဲမြဲ စေနိုင်တယ်။ အမှန်တရားဘက်ရပ်တည်ပြီး ဝေဖန်သရော်၊ လှောင်ပြောင် ပညာပေးတဲ့ ကာတွန်းတွေပေါ့နော်။ ရိုးရိုး ဟာသကာတွန်းထက် နိုင်ငံရေးဟာသကာတွန်းက ပို၍ဉာဏ်ကစားရသပေါ့။ ကာတွန်းကောင်း ဖြစ်ဖို့ စာဖတ်အား၊ နိုင်ငံရေး လေ့လာအား အတွေးအခေါ်လည်း မြင့်မားရသတဲ့။ ပထမဆုံး မြန်မာကာတွန်းကို ရွှေတလေး (ဦးဘကလေး) က ၁၉၁၅ ခုနှစ် ရန်ကုန်ကောလိပ် မဂ္ဂဇင်းမှာ အင်္ဂလိပ်ဘာသာနဲ့ ရေးဆွဲခဲ့တယ်။ မြို့အုပ်ရူး ရူးနေတဲ့ အဲ့သည်ခေတ် ကောလိပ်ကျောင်းသားတချို့ကို သရော်ထားတဲ့  ကာတွန်းပါ။ ပထမဆုံး မြန်မာဘာသာနဲ့ ကာတွန်းကို ရွှေတလေးကပဲ ရေးဆွဲခဲ့ပြီး ၁၉၁၅ ခုနှစ် မတ်လထုတ် သူရိယမဂ္ဂဇင်းမှာ ဖော်ပြခဲ့တာပါ။ ရှေးရိုး အဒေါ်အပျိုကြီးက ခေတ်အပျိုတူမကို ‘ညည်းတို့ခေတ်ဟာ မျက်ခုံးမွေး ဆွဲချင်ရ တာနဲ့၊ အင်္ကျီပါးဝတ်ချင်ရတာနဲ့၊ ဝတ္ထုဖတ်ချင်ရတာနဲ့၊ မြင်းပွဲသွားချင်ရတာနဲ့၊ ရည်းစား ထားချင်ရတာနဲ့၊ ရည်းစား ပျက်ရတာနဲ့ တကတဲတော်  ရည်းစားတစ်ထောင် လင်ကောင်တစ်ယောက်ဆိုတာ ညည်းတို့ခေတ်ကျမှ မှန်နေတာပဲ’ လို့ ပြောတဲ့ ကာတွန်းပုံပါ။ ကာတွန်းကြောင့် ပထမဆုံး ထောင်ကျသူ ၁၉၂၂ ခုနှစ် ဝေလမင်းသား မြန်မာနိုင်ငံလာချိန် မျက်နှာကြီးအမျိုးသမီးတွေ အလုအယက်ဝိုင်း ပြုစုကြတာကို ‘ပညာ့အလင်းသတင်းစာ’ မှာ ‘ရတနာဒီပံဖယောင်းတိုင်ထွန်းနည်း’ (မိန်းမစွံအောင် ပီယဆေးဖြင့် လုပ်သောနည်း) ဆိုတဲ့ ကာတွန်းကို ဖော်ပြလို့ အယ်ဒီတာ ဦးပုလေးကို ထောင် ၂ လ ချခဲ့ဖူးတယ်။  ကာတွန်း ဘိရုမာ ၂ ရက် အဖမ်းခံရတဲ့အကြောင်း  ကာတွန်းဆရာ ဘိရုမာဟာ ၂၀၁၂ ခုနှစ်က အနောက်ပိုင်းခရိုင်ရဲစခန်းမှာ ၂ ရက်ကြာ ခေါ်ယူစစ်ဆေးခံခဲ့ရတယ်။  သူ ပြောပြတာကတော့ “ကျနော့်ကို ၂၀၁၂ မဲမရွေးခင်လောက်က အနောက်ပိုင်းခရိုင်ရဲက ဖုန်းဆက်လာတယ်။ သူတို့ဆီလာခဲ့ဖို့ပေါ့။ သွားတော့ ကျနော့ကာတွန်းတွေအတွက် ဖမ်းမယ်လို့ ပြောတယ်။ အဘတွေက ဖမ်းခိုင်းတာလို့သိရတယ်။ ကျနော်ကလည်း အရင်က သူတို့ စစ်အစိုးရကနေ ဦးသိန်းစိန် အစိုးရကိုပြောင်းလဲပြီး Clean Government သန့်ရှင်းတဲ့ အစိုးရ ဘာညာ ပြောင်းနေ ပြီမို့ ဖမ်းဖို့ မလိုတော့ဘူး ဆိုတာရှင်းပြတယ်။ သူတို့ အထက်ကို ပြန်ပြီးတင်ပြနေကြတယ်။ ကျနော့်ကိုတော့ ခုံပေါ်မှာပဲ ထိုင်ခိုင်းထားတယ်။ ဒီခုံပေါ်ပဲ ညအိပ်လိုက်ရတယ်။ ကာတွန်းပုံတွေ သိမ်းထားတဲ့ ဟာ့ဒစ် External Harddisk ကိုလည်း သိမ်းတယ်။ အမှုပြီးမှ ပြန်ပေးမယ်တဲ့။ ကျနော်က အဲ့ဒီတုန်းက ကိုရီးယားမှာ ကျောင်းတက်ဖို့ လျှောက်လွှာနဲ့ ကာတွန်းတွေပါတဲ့ ပါဆယ်ကို စာတိုက်ကပို့မိတာ။ အဲ့ဒီမှာ ပါဆယ်ထုပ်ကို ဖေါက်စစ်တော့ ကာတွန်းတွေတွေ့သွားပြီး ဖုန်းနံပတ်နဲ့လိုက်၊ ကျနော့ကို ဖမ်းတာ။ တစ်ည သူတို့ဆီမှာ အိပ်လိုက်ရတယ်။ ဦးသိန်းစိန် အစိုးရကိုပြောင်းလဲနေချိန်မို့ Clean Government သန့်ရှင်းတဲ့ အစိုးရ ဘာညာ Good Government ပြောင်းနေပြီမို့ လျှော့ပေးလိုက်တာလို့ ထင်တယ်ဗျ။ တစ်ညအိပ်ပြီး နောက်နေ့ရောက်တော့ မင်း ထုခြေလွှာရေး ဆိုပြီး တောင်းပန်စာ သဘောမျိုး ရေးခိုင်းတယ်။  အာမခံကို ဆရာ အကြည်တော်က လာထိုးပေးတယ်။ ခရီးဝေးမသွားရဘူး။ ခြေချုပ်နဲ့ ပြန်လွှတ်တာ။ ကျနော့် ကာတွန်းတွေက သူတို့ကို ဝေဖန်ထားတာလေ။ အရင်လူတွေဆို နှစ် ၆၀ တို့ ဘာတို့ ကျတာဆိုတော့ တော်တော်လန့်နေတာ။  ကျနော့်ကို လွှတ်ပေးတော့ ည တော်တော်ကြီး မိုးချုပ်နေပြီ။”  ဒီနေ့ ကာတွန်းလောက ဘယ်လို ဖြစ်စေချင်သလဲ ကာတွန်းဘိရုမာကို ၂ ရက်ကြာ အဖမ်း အစစ်ခံခဲ့ရတဲ့အပေါ် ခုဆိုရင် ကာတွန်းတွေ ပလူပျံအောင် ရေးဆွဲခွင့်ရလာတဲ့ အချိန်မို့ ဘာပြန်ပြောချင်လဲမေးတော့ သူက အခုလို ပြောတယ်။ “ဟိုတုန်းကတော့ ကာတွန်းတွေဆွဲရတာ တထိတ်ထိတ်နဲ့ပေါ့။ အခုတော့ နိုင်ငံရေးကာတွန်းတွေ ဆွဲလာနေကြပါပြီ။ တခုပဲ သတိထားကြပါ။ သတင်းရင်းမြစ်ကို သေသေခြာခြာ လေ့လာပြီးတော့မှ ရေးတာကောင်းပါတယ်။ တခါတလေ ကျမှပါ။ များသောအားဖြင့်က မှန်တာများပါတယ်။ တခါတလေကျရင် သတင်းရင်းမြစ် သေသေခြာခြာ မလိုက်ပဲနဲ့ သတင်းကာတွန်းကို ဦးအောင် ဆွဲလိုက်ချိန်မှာ လွဲသွားမှားသွားတာမျိုး တွေ့ရတာပေါ့။ ဒါပေမဲ့ နိုင်ငံရေး ကာတွန်းတွေ ရေးလာနိုင်တာတော့ တော်တော် ဝမ်းသာစရာ ကောင်းပါတယ်။” ကာတွန်းတွေဆွဲပြီး သတင်းစာ၊ ဂျာနယ်တွေပို့ရာမှာ ပို့သူများလွန်းလို့ အလှည့်ကျနဲ့သုံးပေးတော့ ရက်လွန်သွားတဲ့ ကာတွန်းတွေဟာ ဖြစ်ပေါ်နေတဲ့ သတင်းအဖြစ်အပျက်တွေနဲ့ မကိုက်ညီတော့ဘဲ ကာတွန်းတန်ဖိုးကျသွားတာတွေလဲ ကြုံနေရတယ်လို့ ဆက်ပြောပါတယ်။ ကာတွန်းတကွက်ဟာ ၃ ရက် ၄ ရက်လောက်ကြာမှ ဖော်ပြရင် သတင်း အဖြစ်အပျက်နဲ့ မကိုက်ညီတော့ဘူးလို့ဆိုပါတယ်။   ကာတွန်းတွေကို ပြပွဲတွေ လုပ်ကြပါတယ်။ ပန်းချီ ပန်းပု တွေကိုလည်း ခေတ်အဆက်ဆက် ပြပွဲတွေ လုပ်ကြတာပါ။ ဒီနေ ကာတွန်း ပန်းချီ ပြပွဲတွေက လွတ်လပ်နေပါပြီ။ ဒါပေမဲ့ စစ်အစိုးရ ခေတ်မှာတော့ ပြပွဲတွေဟာ မလွတ်လပ်ခဲ့ပါဘူး။ ပန်းချီ ဦးအောင်ခင် (ဘဏ်) က အခုလို ပြောပြပါတယ်။  “အဲ့ဒီတုန်းက အခုလိုမျိုး တန်းချိတ်ပြီးပြလို့ မရဘူး။ ပြပွဲပြရင် ပြန်ဆက်ကို ခွင့်ပြုချက် တောင်းရတယ်။ လျှောက်လွှာတင်ရတယ်။ ပြီးရင်လာကြည့်တယ်။ သူတို့မကြိုက်တဲ့ ပုံတွေဆို ဖြုတ်ခိုင်းတယ်။ အဲ့သည်တော့ ပြဿနာမရှိအောင် ပန်းချီဆရာ ကာတွန်းဆရာတွေကလည်း ပြဿနာတက်မဲ့ပုံတွေဆို မဆွဲရဲဘူးပေါ့နော်။” အခုအပြောအရ ကာတွန်းဘိရုမာဟာ ၂၀၁၂ ခုနှစ်မှာ ပြဿနာတက်ခဲ့လို့သာ ၂ ရက်လောက် ခေါ်ထားပြီး အစစ်အဆေး ခံရရုံ ဖြစ်ခဲ့တာလို့ ယူဆရပါတယ်။ တကယ်လို့ ၂၀၁၀  ပြည့်နှစ် ရှေ့ပိုင်းလောက်မှာ ပြဿနာဖြစ်ခဲ့ရင် ထောင်နှစ်ရှည်များ ကျနေမလားပဲနော်။ အဲ့ဒီ စနစ် အဲ့သည်ခေတ်ကို ဘယ်ကာတွန်းဆရာ၊ ဘယ်ပန်းချီဆရာ ဆရာမတွေမှ ပြန်ရောက်လိုကြမှာ မဟုတ်ပါဘူးခင်ဗျာ။ ။ မောင်တူး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024