ချောင်းဆုံမြို့နယ် အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း အမှုရင်ဆိုင်နေရသဖြင့် ယာယီဆိုင်းငံ့
DVB
·
July 24, 2020
အန်အယ်လ်ဒီပါတီကို ကိုယ်စားပြုပြီး ချောင်းဆုံမြို့နယ်ကနေ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ ရွေးချယ်ထားတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးဟာ အမှုရင်ဆိုင်နေရလို့ ကိုယ်စားလှယ်လောင်းထောက်ခံစာကို ယာယီဆိုင်းငံ့ထားတယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ဒီဗွီဘီကို ပြောပါတယ်။
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် မနေ့ကမှ ရွေးချယ် အတည်ပြုထုတ်ပြန်ခဲ့တဲ့ မိချိုသဲဟာ စာရွက်စာတမ်းအတုနဲ့ မြေကွက်ရောင်းချခဲ့တဲ့အမှုမှာ သက်သေအဖြစ်လက်မှတ်ရေးထိုးထားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရန်ကုန်တိုင်း မှော်ဘီတရားရုံးမှာ တရားရင်ဆိုင်နေရသူဖြစ်တယ်လို့ တရားလိုဘက်ကပြောပါတယ်။
အဲဒီအမှုကို ပုဒ်မ ၄၂၀ နဲ့ စွဲချက်တင် စစ်ဆေးနေပြီဖြစ်တယ်လို့ တရားလိုရှေ့နေ ဦးဇေယျာမင်းက ဒီဗွီဘီကို ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ ချောင်းဆုံမြို့နယ် အန်အယ်လ်ဒီပါတီ တာဝန်ရှိသူတွေကို မေးမြန်းရာမှာတော့ ကိုယ်စားလှယ်လောင်းရွေးချယ်တုန်းက အဲဒီကိစ္စကို မသိခဲ့ဘဲ အခုနောက်မှသာ သိရှိခဲ့တယ်လို့ဆိုပါတယ်။
ဒါကြောင့် အဲဒီကိစ္စနဲ့ပတ်သက်ပြီးရှင်းရှင်းလင်းလင်း မသိရခင်အချိန်ထိ NLD ကိုယ်စားလှယ်လောင်းထောက်ခံစာကို ဆိုင်းငံ့ထားမှာဖြစ်ပြီး ရက်ပိုင်းအတွင်း စစ်ဆေးသွားမယ်လို့ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က ပြောပါတယ်။
"ရှင်းရှင်းလင်းလင်းအဖြေရတဲ့အချိန်ထိ အဖွဲ့ချုပ်ရဲ့ကိုယ်စားလှယ်လောင်းထောက်ခံစာကို ယာယီရပ်ဆိုင်းထားဖို့ ပြောထားပါတယ်။ ဒါကို အမြန်ဆုံးဖြေရှင်းပြီး ဘယ်လိုဆက်လက်လုပ်မယ်ဆိုတာကိုဆုံးဖြတ်ရမှာပါ။ (ငြိစွန်းမှုရှိရင်တော့) လူလဲဖို့ ရှိပါတယ်ခင်ဗျ။ ဒါအတွက်မပူပါဘူး။ ကိုယ်စားလှယ်လောင်းဟာ တခြားငြိစွန်းစရာရှိနေရင်တော့ မသင့်တော်ပါဘူး၊ အထူးစဉ်းစားရမှာပါလို့" ဒေါက်တာမျိုးညွန့်က ပြောပါတယ်။
လာမယ့် နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားပြု ကိုယ်စားလှယ်လောင်းပေါင်း ၁၁၃၁ ဦးရဲ့စာရင်းကို မနေ့က ထုတ်ပြန်ခဲ့ရာမှာ လက်ရှိ လွှတ်တော် ကိုယ်စားလှယ် ၈၀ ရာခိုင်နှုန်းပါဝင်ပြီး ကျန်တာ လူသစ်တွေ ဖြစ်ပါတယ်။
သတင်း -ထက်ဝေအောင်