DVB Logo
Home
မြန်မာသတင်း
အုတ်ဖိုမြို့နယ်၌ Quarantine မဝင်သည့်  ပြည်ပပြန် ၂ ဦး အလုပ်နှင့် ထောင်ဒဏ် ၃ လ ချမှတ်ခံရ
DVB
·
July 24, 2020
အုတ်ဖိုမြို့နယ်၌ Quarantine မဝင်သည့်  ပြည်ပပြန် ၂ ဦး အလုပ်နှင့် ထောင်ဒဏ် ၃ လ ချမှတ်ခံရ
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ ပြည်ပကပြန်လာသူ  ၂ ဦးကို ဇူလိုင် ၂၃ ရက်နေ့မှာ အုတ်ဖိုမြို့နယ်တရားရုံးက ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဥပဒေနဲ့  အလုပ်နှင့် ထောင်ဒဏ် ၃ လ ချမှတ်လိုက်ပါတယ်။

ကိုဗစ်-၁၉ လူနာ အမှတ် ၃၁၁ နဲ့အတူ လာအိုနိုင်ငံကနေ တခရီးတည်း ပြန်လာခဲ့သူ အမျိုးသား ၁ ဦးနဲ့ ထိုင်းနိုင်ငံမှ ပြန်လာတဲ့ အမျိုးသား ၁ ဦး​တို့ဟာ  မြို့နယ်ကျန်းမာရေးက စီစဉ်ထားတဲ့ quarantine နေရာမှာမဝင်ဘဲ မိသားစုနဲ့အတူ ပြန်နေတဲ့ အတွက် မြို့နယ်ကျန်းမာရေး နဲ့ကုသရေးဦးစီးဌာနက ဒေါက်တာသန့်ဇင်မောင်က တရားလိုပြုလုပ်အမှုဖွင့်ခဲ့ရတာ ဖြစ်ပါတယ်။

အုတ်ဖိုမြို့နယ်တရားသူကြီး ဦးမွန်မြတ်သူက “ စွပ်စွဲခံရတဲ့လူတွေ ရုံးရှေ့ရောက်ရှိလာတဲ့အခါမှာ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ (၂၄၂)အရ ၎င်းတို့ကို စွဲဆိုထားတဲ့ ကူးစက်ရောဂါရောဂါများကာကွယ်နှိမ်နင်းရေးဥပဒေကို ရှင်းလင်းပြောပြပြီးတဲ့နောက် အပြစ်ရှိ/မရှိ မေးမြန်းရာ စွပ်စွဲခံရတဲ့လူတွေက အပြစ်ရှိကြောင်း ဝန်ခံခဲ့ကြတာဖြစ်တဲ့အတွက် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေပုဒ်မ(၁၈) အရ အလုပ်နဲ့ထောင်ဒဏ် (၃) လ စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့တာ" လို့ ဒီဗွီဘီကိုပြောပါတယ်။

ထောင်ဒဏ်ချမှတ်ခံရသူတွေကတော့  ဦးမောင်မောင်သန်းနဲ့ ဦးသန်းဇော်ထွန်းတို့ဖြစ်ပြီး တဦးက လာအိုနိုင်ငံကနေ ပြန်လာပြီး၊ တိုက်ကြီးမြို့နယ်က လူနာအမှတ် ၃၁၁ နဲ့ အတူ ပြန်လာတာကို ဘယ်သူ့ကိုမှ အကြောင်းမကြားဘဲ တောင်ညိုလေးဘက်က သရက်စိုက်ပျိုးရေးခြံမှာ မိသားစုနဲ့ အတူပြန်နေတာဖြစ်ပါတယ်။

နောက်တစ်ဦးကတော့ ထိုင်းနိုင်ငံက ပြန်လာပြီး တောင်ညိုလေးတောရကျောင်းအနီးမှာပဲ နေနေတာဖြစ်တာကြောင့်၊ ​သက်ဆိုင်ရာတွေနဲ့ ကော်မတီက သွားခေါ်ကာ ဆေးရုံးမှာ အသွားအလာကန့်သတ် စောင့်ကြည့်လူနာအဖြစ် ထားရှိခဲ့ရပါတယ်။

နှစ်ဦးစလုံးဟာ ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ရေးအတွက် ထုတ်ပြန်ထားတဲ့ စည်းကမ်းဥပဒေတွေကို မလိုက်နာတဲ့အတွက် ကူးစက်ရောဂါကာကွယ်တားဆီးရေးဥပဒေနဲ့ တရားစွဲရတာလို့  အုတ်ဖိုမြို့နယ် Coronavirus Disease 2019 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေကော်မတီ၊ အုတ်ဖိုမြို့နယ်မြို့နယ် ဆရာဝန်ကြီး ဒေါက်တာသန့်ဇော်မောင်က ပြောပါတယ်။

အုတ်ဖိုမြို့နယ်မှာ quarantine စင်တာတွေကို မေ ၁ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ရာမှာ တစ်မြို့နယ်လုံးမှာ နိုင်ငံခြားပြန် ၃၉၂ ယောက်ကို စောင့်ကြည့်နိုင်​ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ အုတ်ဖိုမြို့နယ်မှာ quarantine စင်တာ ၃ ခုဖွင့်လှစ်ထားရာမှာ သာသနရက္ခိတမှန်ကျောင်းမှာ ၄၁ ယောက်၊ စက္ခုဒါနဆေးရုံ(ဥတို)မှာ  ၂၄ ယောက်နဲ့ အုတ်ဖိုမြို့ဆေးရုံမှာ ၂ ယောက်၊ စုစုပေါင်း ၆၇ ယောက်ရှိပါတယ်။

သတင်း၊ ဓာတ်ပုံ - ဝဏ္ဏထွန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013