ရေးမြို့နယ်တွင် ငှက်ဖျားရောဂါဖြစ်ပွားသူပေါင်း ၄၀၀ ကျော်ရှိနေ
DVB
·
July 24, 2020
မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ၂၀၂၀ ပြည့်နှစ်အတွင်း ဇူလိုင်လအထိ ငှက်ဖျားရောဂါဖြစ်ပွားသူပေါင်း ၄၀၃ ဦးရှိနေပြီး လက်ရှိမှာ သေဆုံးသူ မရှိသေးဘူးလို့ ငှက်ဖျားတိုက်ဖျက်ရေးအဖွဲ့က ပြောပါတယ်။
ငှက်ဖျားရောဂါကူးစက်မှုဟာ အသက် ၅ နှစ်အောက်ကလေးနဲ့ အသက် ၆၀ အထက်လူကြီးတွေမှာပါဖြစ်ပွားခဲ့ပြီး နှစ်ကုန်အထိဆိုရင်တော့ ရောဂါဖြစ်ပွားသူတွေ ပိုမိုဖြစ်ပွါးလာနိုင်တယ်လို့ဆိုပါတယ်။
အခုနှစ် မိုးရာသီမစခင်ကတည်းက စတင်ဖြစ်ပွားလာခဲ့ရာမှာ အရင်နှစ်ကထက် ငှက်ဖျားရောဂါ ပိုမိုဖြစ်ပွားလာတာကို တွေ့ရှိရပြီးပါတယ်။ ၂၀၁၉ ခုနှစ်က မွန်ပြည်နယ်မှာ ငှက်ဖျားရောဂါဖြစ်ပွားသူ ၅၉၉ ဦး ဖြစ်ခဲ့ပြီး သေဆုံးသူတဦးမှ မရှိခဲ့ပါဘူး။
ငှက်ဖျားရောဂါကူးစက်မှုများတဲ့ အရပ်ဒေသမှာ သွားရောက်လုပ်ကိုင်နေထိုင်ကြတဲ့ သူတွေဟာ ငှက်ဖျားရောဂါသယ်ဆောင်နိုင်တဲ့ အနိုးဖလိစ် (Anopheles) ခြင်အမျိုးအစားတွေ ကိုက်ခံရာကနေ ရောဂါကူးစက်ခံရတာ အဖြစ်များပါတယ်။
ငှက်ဖျားရောဂါကို မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသ အပြင် ကရင်ပြည်နယ် တနင်္လာရီတိုင်းဒေသကြီးနဲ့ ထိစပ်နေတဲ့ နယ်မြေဒေသတွေမှာ ပိုမိုအဖြစ်များလာတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။
ငှက်ဖျားရောဂါဖြစ်ပွါးတဲ့ အရပ်ဒေသက ငှက်ဖျားလူနာတွေအနေနဲ့ ငှက်ဖျားဆေးတွေကို စနစ်တကျ သောက်သုံးကြဖို့နဲ့ တာရှည်ခံဆေးစိမ် ခြင်ထောင်တွေကို သုံးစွဲကြဖို့ ကျန်းမာရေး အသိပညာပေးလုပ်ငန်းတွေကို ကျန်းမာရေးဝန်ထမ်းတွေက ဆောင်ရွက်နေပါတယ်။
သတင်း - နေမျိုးထွဋ် ရေး