ဖိလစ်ပိုင်မှပြန်လာသည့် ကိုဗစ်-၁၉ လူနာသစ် ၂ ဦးထပ်တွေ့
DVB
·
July 23, 2020
ဖိလစ်ပိုင်နိုင်ငံက ပြန်လာသူ ၂ ဦးမှာ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိရပြီး မြန်မာနိုင်ငံတဝန်း အတည်ပြုလူနာ စုစုပေါင်း ၃၄၃ ဦးရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဇူလိုင် ၂၂ ရက်ည ထုတ်ပြန်ချက်အရ သိရပါတယ်။
လူနာသစ် ၂ ဦးကတော့ ရန်ကုန်တိုင်း သန်လျင်မြို့နယ်နေ အသက် ၂၅ နှစ်အရွယ် အမျိုးသား တစ်ဦးနဲ့ ပဲခူးတိုင်း ထန်းတပင်မြို့နယ်နေ အသက် ၂၂ နှစ်အရွယ်အမျိုးသား တစ်ဦးတို့ဖြစ်ကြပြီး အင်းစိန်မြို့နယ်မှာ အသွားအလာ ကန့်သတ်စောင့်ကြပ်ခံထားရသူတွေဖြစ်ပါတယ်။
ဇူလိုင် ၂၂ ရက် အတွက် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲစစ်ဆေးမှုတွေအနေနဲ့ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမ + ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ ၅၃၉ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ ၂၄၂ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ ၁၁၀ ခုနဲ့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL, Mawlamyine) မှ ဓာတ်ခွဲနမူနာ ၂၅၆ ခု၊ စုစုပေါင်း ၁,၁၄၇ ခု အား စစ်ဆေးပြီးစီးခဲ့ လူနာသစ် ၂ ဦး တွေ့ရှိရတာပါ။
ဇူလိုင် ၂၃ ရက် မနက် ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၃၄၃ ဦး၊ သေဆုံးသူ ၆ ဦး၊ နှစ်ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ စုစုပေါင်း ၂၈၀ ဦးရှိပြီး ဒီအထဲက ၂၆၉ ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ပါတယ်။