DVB Logo
Home
မြန်မာသတင်း
လားရှိုးဆူပူမှု ၁ ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရ
DVB
·
May 30, 2013
လားရှိုးဆူပူမှု ၁ ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရ
Donate to DVB

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ရှမ်းပြည်နယ် လားရှိုးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ဆူပူအကြမ်းဖက်မှုတွေမှာ အရေးပေါ်အခြေအနေ ကြေညာထားတဲ့ကြားက ထိန်းမနိုင်သိမ်းမရဖြစ်ပြီး အပြန်အလှန်တိုက်ခိုက်မှုကြောင့် လူ ၁ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ အစိုးရက ထုတ်ပြန်ပါတယ်။

သမ္မတရုံးပြောခွင့်ရသူ ဦးရဲထွဋ်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြချက်အရ ၂ ရက်ဆက် လားရှိုးမြို့ပေါ် ဆူပူဖျက်ဆီးမှုတွေမှာ ဦးဆောင်ပါဝင်သူလို့ ယူဆရသူ လားရှိုးမြို့ပေါ်ရပ်ကွက်တွေက လူ ၂၅ ဦးကို လုံခြုံရေးတပ်ဖွဲ့များက ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဆိုပါတယ်။ တခြားဒေသကလူတွေ ဆူပူအကြမ်းဖက်မှုမလုပ်နိုင်အောင် ကြပ်မတ်နေတယ်လို့ ဆိုပါတယ်။

[caption id="attachment_40091" align="alignleft" width="300" caption="မေ ၃၀ ရက်နေ့ လားရှိုးမြင်ကွင်း"][/caption]

မေ ၂၉ ရက်နေ့ ညနေပိုင်းမှာ လားရှိုးမြို့အတွင်း လူအုပ်စုအချင်းချင်း အပြန်အလှန်တိုက်ခိုက်မှု ၇ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဦးရဲထွဋ်က ရေးပါတယ်။

မေ ၂၈နဲ့ မေ ၂၉ ရက်နေ့တွေမှာ ဖြစ်ပွားခဲ့တဲ့ ဆူပူအကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် လူနေအိမ် ၅ လုံး၊ ဘာသာရေးအဆောက်အအုံ ၃ လုံး၊ ရုပ်ရှင်ရုံ ၁ လုံး၊ ဂိုဒေါင် ၄ လုံး၊ ဆိုင်ခန်း ၃၂ ခန်း၊ ကား ၂ စီး၊ ဆိုင်ကယ် ၁၁ စီး ပျက်စီးခဲ့ပြီး လူ ၁ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီဖြစ်ရပ်ရဲ့ အကျိုးဆက်အဖြစ် နေအိမ်တွေ မီးလောင် ပျက်စီးသွားလို့ နေစရာမရှိတဲ့ မွတ်စလင်အများစုပါဝင်တဲ့ ဒုက္ခသည် ၁၀၀၀ လောက် လားရှိုးမြို့ပေါ်က မန်ဆူရှမ်းဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြပါတယ်။

သမ္မတရုံးပြောခွင့်ရသူက မြို့ခံတွေထဲက ၂၅ ဦးကို ဖမ်းဆီးထားတယ်လို့ ဆိုပေမယ့် ဒီအကြမ်းဖက်မှုဖြစ်စဉ်ရဲ့ အစကို မြင်တွေ့တဲ့ လားရှိုးဒေသခံ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တဦးကတော့ အကြမ်းဖက်သူတွေဟာ မြို့ခံတွေနဲ့ အသွင်အပြင် ကွဲပြားခြားနားတဲ့ လူနည်းစုဖြစ်တယ်လို့ ပြောပါတယ်။

“ပထမဆုံးနေ့ သွားကြည့်တော့ ရဲစခန်းရှေ့မှာ ၀ိုင်းနေတာဟာ အယောက် ၂၅ ထက်မပိုဘူး။ မျက်နှာစိမ်းတွေ။ ဘေးကကြည့်သူက တော်တော်များတယ်။ နောက် ဖြစ်စဉ်ဖြစ်တဲ့ ၇၅ မိနစ်အတွင်းမှာ တုတ်၊ ဓားတွေ ချွန်ပြီးသားဖြစ်နေတယ်၊ နောက် လူထပ်တိုးလာတာ ၃၀-၄၀ လောက်လို့ ခန့်မှန်းတယ်။ အဖွဲ့ခွဲ ခွဲပြီး လိုက်ဖျက်ဆီးတာ။ လူဆိုးလူမိုက်ပုံစံလေးတွေ၊ ပုဆိုးဝတ်ပုံ၊ ဖိနပ်စီးထားပုံ ကွာတယ်။ ဒီမှာလာအလုပ်လုပ်နေပြီး ၁ နှစ်လောက်ရှိရင်တောင် ဒီကပုံစံ၊ စရိုက်ဝင်တယ်လေ။ ၀တ်စားဆင်ယင်ပုံ ၀င်တယ်။ အခု ဒီလူတွေက ဒီမြို့ပုံစံမဟုတ်ဘူး၊ တီရှပ်ဝတ်ပုံတွေကအစ။”

လားရှိုးမြို့အကြမ်းဖက် မီးရှို့မှုဖြစ်စဉ်နဲ့ ပတ်သက်လို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကေအိုင်အိုနဲ့ ဆွေးနွေးနေတဲ့ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ဒီဖြစ်ရပ်အစဖြစ်တဲ့ အမျိုးသမီးငယ်ကို ဓာတ်ဆီလောင်း မီးရှို့သူ ဦးနေ၀င်းဟာ ကျိုင်းတုံ၊ တာချီလိတ်မြို့တွေမှာ အလားတူ ပြဿနာ ဖန်တီးခဲ့ကြောင်း၊  လားရှိုးမှာ ဓာတ်ဆီလောင်းမီးရှိုခဲ့တာနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးနေပြီး နောက်ကွယ်က ကြိုးကိုင်သူကို ဖော်ထုတ်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါနဲ့ပတ်သက်လို့ ဦးအောင်မင်းပြောဆိုချက်ကို ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေက ခုလို ပြန်ပြောပြပါတယ်။

“အဖျက်အမှောင့်တွေ ရှိတတ်တယ်။ ဒီလူက ကျိုင်းတုံကနေ တခြားမြို့တွေမှာလည်း အဖျက်အမှောင့်တွေလုပ်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ဘူး။ တခြား ၂၊ ၃ မြို့မှာလုပ်တာလည်း မအောင်မြင်သွားဘူး။ လားရှိုးမှာတော့ ဒီကိစ္စဆောင်ရွက်သွားတယ်။ သူ့ကိုဖမ်းဆီးထားတယ်၊ သူ့နောက်ကွယ်မှာ ဘယ်သူတွေရှိနေလဲဆိုတာကိုလည်း ဖော်ထုတ်နေပါတယ်တဲ့။ ဒီလိုမျိုးဖြစ်တတ်တာတွေကို ဂရုစိုက်ကြဖို့ လိုတယ်ဆိုတဲ့ သဘောပါပဲ။”

လားရှိုးမြို့ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရှမ်းပြည်နယ် ဒုဥက္ကဋ္ဌ ဦးစိုင်းမြင့်မောင်ကလည်း ဒီအကြမ်းဖက်မှု ဖြစ်စဉ်မှာ မျက်နှာစိမ်းတွေ ပါဝင်ပတ်သက်နေတယ်လို့ ပြောပါတယ်။

ရှမ်းပြည်နယ်ရှမ်းပြည်နယ် ဘာသာပေါင်းစုံ ကူညီစောင့်ရှောက်ရေးအဖွဲ့ရဲ့ နာယက တောင်ကြီး လောကမာန်အောင်ကျောင်း ဆရာတော် ဦးခေမာနန္ဒက ဘာသာလူမျိုးမခွဲဘဲ   အေးအေးချမ်းချမ်း ဖြေရှင်းသင့်တယ်လို့ ဒီဗွီဘီကို မိန့်သွားပါတယ်။

“တောင်ကြီးမှာ တနေ့က ဦးဇင်းတပါးကို အစ္စလာမ်ဘာသာဝင်တယောက်က ဆိုင်ကယ်နဲ့ တိုက်မိတယ်။  အစ္စလာမ်ဘာသာဝင်တွေကလည်း ဘုန်းကြီးတွေကို တောင်းပန်တယ်။ ဘုန်းတော်ကြီးတွေကလည်း ကျေနပ်ပါတယ်။ အဲလိုနဲ့ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်သွားတယ်။ တောင်ကြီးမှာ အဲလိုဖြစ်ပေမယ့် သည်းခံခွင့်လွှတ်ပြီး ငြိမ်းချမ်းရေးကို အကောင်အထည်ဖော် ဆောင်ရွက်ပါတယ်။ ဘုန်းကြီးတို့ တောက်လျှောက်ပြောနေသလိုပဲ လူသားတွေဟာ လူသားတွေပဲ။ ဘာသာတွေ ဘယ်လိုကွဲကွဲ၊ အသားအရောင် ဘယ်လိုပဲကွဲကွဲ၊ အယူအဆတွေ ဘယ်လိုကွဲကွဲ၊ ဂိုဏ်းဂဏတွေ ဘယ်လိုကွဲကွဲ တို့တွေဟာ လူသားတွေအားလုံး ငြိမ်းချမ်းဖို့အတွက် လူသားတိုင်းမှာ တာဝန်ရှိကြတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013