ကေအိုင်အိုနှင့် အစိုးရ သဘောတူညီချက် ၇ ချက်ကို လက်မှတ်ရေးထိုး
နော်နိုရင်း
·
May 30, 2013

သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းဦးဆောင်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီနဲ့ ဗိုလ်ချုပ်ဂွမ်မော်ဦးဆောင်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) တို့ရဲ့ တတိယမြောက်နေ့အဖြစ်ကျင်းပတဲ့ ဒီနေ့ဆွေးနွေးပွဲမှာ သဘောတူညီချက် ၇ ချက်ကို လက်မှတ်ရေးထိုးလိုက်ပါတယ်။
ဒီအချက်တွေကတော့ နိုင်ငံတော်အစိုးရနဲ့ ကေအိုင်အိုအဖွဲ့တို့ နိုင်ငံရေးဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်သွားဖို့၊ နှစ်ဖက်တပ်ဖွဲ့များမှ ပစ်ခတ်မှုများလျှော့ချခြင်း၊ နှစ်ဖက်တိုက်ပွဲများ ထပ်မံမဖြစ်ပွားအောင် ထိန်းသိမ်းခြင်းကို ဆောင်ရွက်ဖို့၊ နှစ်ဖက်ကိုယ်စားလှယ်များပါဝင်တဲ့ စောင်ကြပ်ကြည့်ရှုရေးအဖွဲ့ဖွဲ့ဖို့၊ နယ်မြေလုံခြုံရေးအရ နေရပ်စွန့်ခွာရွှေ့ပြောင်းတဲ့ အိုင်ဒီပီတွေအတွက် ပြန်လည်ထူထောင်ရေးကိစ္စတွေလုပ်ဆောင်ဖို့၊ တပ်ပိုင်းဆိုင်ရာ တပ်နေရာချထားမှုများ ဆက်ပြီး ဆောင်ရွက်ကြဖို့နဲ့ လိုအပ်တဲ့လုပ်ငန်းစဉ်များ ညှိနှိုင်းဆောင်ရွက်နိုင်ဖို့အတွက် ကေအိုင်အို ကိုယ်စားလှယ်နဲ့ အလုပ်အဖွဲ့ တဖွဲ့ကို မြစ်ကြီးနားမြို့မှာ ထားရှိဖို့၊ နောက်တကြိမ်ဆွေးနွေးပွဲတွေမှာ ကေအိုင်အို ကိုယ်စားလှယ်တွေ၊ အဖွဲ့တွေ အပါအ၀င် လိုအပ်ပါက တခြားပုဂ္ဂိုလ်တွေကိုပါ ဖိတ်ကြားဖို့ သဘောတူညီကြတာ ဖြစ်ပါတယ်။
နှစ်ဘက်တွေ့ဆုံဆွေးနွေးပွဲကို ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေနမ်ဘီးယား၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး ဒုတာဝန်ခံ မစ္စတာ လူစီ အပါအ၀င် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ကိုယ်စားလှယ်တွေ ရှေ့မှောက် လက်မှတ်ထိုးကြတာ ဖြစ်ပါတယ်။
အစိုးရနဲ့ ကေအိုင်အိုအကြား အခုလို သဘောတူညီချက်တွေထဲက ကေအိုင်အို ကိုယ်စားလှယ်နဲ့ အလုပ်အဖွဲ့တဖွဲ့ကို မြစ်ကြီးနားမြို့မှာ ထားရှိဖို့ဟာ ငြိမ်းချမ်းရေးလုပ်ငန်းကို အဓိက လုပ်ဆောင်မယ့် လက်တွေ့ကျတဲ့ တိုးတက်မှုဖြစ်တယ်လို့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့က ဦးဆန်အောင်က ပြောပါတယ်။
“အရင်က ထုတ်ပြန်ကြေညာချက်ပေါ့။ အခုက သဘောတူညီချက်ပေါ့၊ မြစ်ကြီးနားမြို့ပေါ်မှာ လုပ်ငန်းအဖွဲ့ တခုဖွဲ့ပြီး ကေအိုင်အိုဘက်ကလည်း နေမယ့် သဘောရှိပါတယ်။ အဲဒါဆို ဆက်သွယ်ရ ပိုလွယ်သွားတာပေါ့။ အရင် ကေအိုင်အို ဆက်ဆံရေးရုံးဟောင်းမှာပဲ လုပ်ငန်းအဖွဲ့၊ အလုပ်အဖွဲ့ဖွဲ့ပြီး ဒီမှာရုံးထိုင်မယ်ဆိုတာကတော့ လက်တွေ့ဆန်ပြီး သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ အားဆေးတခွက်လို့ ပြောလို့ရပါတယ်။”
ကချင်ပြည်နယ် လူမှုရေးနဲ့ ပညာရေးဝန်ကြီး ဒေါ်ဘောက်ဂျာကတော့ ကေအိုင်အိုနဲ့ အစိုးရ အကြား အခုလို ဆွေးနွေးပြီး သဘောတူလက်မှတ်ထိုးတာဟာ အောင်မြင်မှုရဲ့ လမ်းစဖြစ်တယ်လို့ ပြောပါတယ်။
“နှစ်ဖက်ဆွေးနွေးတဲ့အပေါ် ကျမ ကောက်ချက်ချတာပေါ့၊ အောင်မြင်မှုလမ်းစလို့ မြင်ပါတယ်။ ၂ ရက်နဲ့ သဘောတူညီချက်တွေဘာတွေ ထုတ်နိုင်တယ်ဆိုရင် ကောင်းတဲ့အလားအလာပါ။”
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ကိုယ်စားလှယ်အဖွဲ့တို့ဟာ ပြီးခဲ့တဲ့ ၂၀၁၂ က စတင်ပြီး အပစ်အခတ် ရပ်စဲရေးအပါအ၀င် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ အတွက် တရုတ်နိုင်ငံ ရွှေလီမြို့မှာ ၇ ကြိမ်တိုင် တွေ့ဆုံမှုတွေ ရှိခဲ့တာပါ။
အခု ၈ ကြိမ်မြောက်ဆွေးနွေးပွဲကို ကချင်ပြည်နယ်မြို့နယ် မြစ်ကြီးနားမြို့မှာ ပထမဆုံးအနေနဲ့ ကျင်းပပြုလုပ်လာတာပါ။
ဒီဆွေးနွေးပွဲကနေ စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ ပြည်တွင်းစစ် ရပ်စဲရေးအတွက် နှစ်ဘက် သဘောတူညီမှုတွေ ချမှတ်နိုင်ကြဖို့လည်း ကချင်ပြည်သူတွေ လိုလားနေကြတာဖြစ်ပြီး နှစ်ဘက်စစ်ပွဲတွေကြောင့် စစ်ပြေးဒုက္ခသည် ၁ သိန်းလောက် ရှောင်တိမ်းပုန်းအောင်းနေရတာ ဖြစ်ပါတယ်။