ရေနံချောင်းကောလိပ်ပိုင်မြေပေါ် ကျူးကျော်နေထိုင်သူများကို ဖယ်ရှားပေးရန် ကျောင်းသားသမဂ္ဂ တောင်းဆို

ရေနံချောင်းဒီဂရီကောလိပ်ပိုင်မြေပေါ်မှာ ကျူးကျော်နေထိုင်တဲ့သူတွေကို ဖယ်ရှားပေးဖို့ ကျောင်းသားသမဂ္ဂက   ဇူလိုင်လ ၂၁ ရက်နေ့မနက်ပိုင်းမှာ  သတင်းစာရှင်းလင်းပွဲပြုလုပ် တောင်းဆိုလိုက်ပါတယ်။ ရေနံချောင်းဒီကရီကောလိပ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုနိုင်ခွန်အားက "ရေနံချောင်း ဒီဂရီ ကောလိပ် ဘောလုံးကွင်းဧရိယာအဖြစ် သတ်မှတ်ထားတဲ့မြေနေရာမှာ ဝင်ရောက်ကျူးကျော် နေထိုင်သူ ၂ ဦးကို ၂၀၁၈ ခုနှစ် စက်တင်ဘာလမှာ ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲဆိုခဲ့ရာ တရားရုံးက ဒဏ်ငွေ ကျပ် ၅၀၀၀၀ စီပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ အဲဒီလို ပြစ်ဒဏ်တွေ အမိန့်ချမှတ်ခဲ့ပေမယ့်လည်း ယနေ့အချိန်ထိ ဖယ်ရှားခြင်းမရှိဘဲ အဆောက်အဦးတွေအခိုင်အမာ တည်ဆောက်နေလို့ အခုလိုတောင်းဆိုရတာဖြစ်တယ်"လို့ ဒီဗွီဘီကိုပြောပါတယ်။ ရေနံချောင်းကောလိပ်ကို တက္ကသိုလ်အဆင့် တိုးမြှင့်နိုင်ဖို့ ဝိုင်းဝန်း ကြိုးစားနေကြတဲ့ အချိန်မှာ ယခုလိုမျိုး ပြဿနာဖြစ်တော့ ကျောင်းအတွက်ရော ဒေသအတွက်ပါ အများကြီး နစ်နာတယ်လို့ဆိုပါတယ်။ ရေနံချောင်းဒီဂရီကောလိပ် ကျောင်းသားသမဂ္ဂ ဒုဥက္ကဋ္ဌ မဇွန်သင်းကြည်က "ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ နိုင်ငံတော်အကြီးအကဲတွေနဲ့ တိုင်းဒေသကြီးအစိုးအဖွဲ့ကို တွေ့ဆုံခွင့်  တောင်းဆိုစာတွေ ပေးပို့ခဲ့ပေမယ့်လည်း အကြောင်းပြန်ကြားခြင်း မရှိဘူး”လို့ ပြောပါတယ်။ ကျူးကျော်တွေဖယ်ရှားပေးဖို့ကိစ္စနဲ့ ပတ်သက်ပြီး ရေနံချောင်း ဒီဂရီကောလိပ်ကျောင်းဝန်း အတွင်းမှာ စတစ်ကာ ကမ်ပိန်းတစ်ခု ပြုလုပ်ခဲ့ပေမယ့်လည်း ကျောင်းအုပ်ချုပ်ရေးအဖွဲ့က ဖြုတ်ချခဲ့တယ်လို့ ကျောင်းသားသမဂ္ဂက ပြောပါတယ်။ ရေနံချောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမာန်ကိုဟောကတော့ "အဲဒီမြေနေရာက အစိုးရ စီမံခန့်ခွဲခွင့်ရှိတဲ့ မြေမဟုတ်ဘဲ ရေနံချောင်းဒီဂရီကောလိပ်ပိုင်မြေဖြစ်လို့ တရားဥပဒေလမ်းကြောင်း အရ ပထမအကြိမ် တရားစွဲဆိုရာမှာတော့ တရားရုံးက ဒဏ်ငွေပြစ်ဒဏ်ချမှတ်တယ်"လို့ ပြောပါ တယ်။ ပိုင်ဆိုင်မှုအငြင်းပွားတာဖြစ်တဲ့အတွက် တရားဥပဒေလမ်းကြောင်းအရ အဆင့်ဆင့် လုပ်ဆောင်ရမှာ ဖြစ်ပြီး တရားရေးကို ဖိအားပေးခွင့်လည်း မရှိဘူးလို့လည်းဆိုပါတယ်။ သက်ဆိုင်ရာ ကောလိပ်တာဝန်ရှိသူတွေအနေနဲ့ အဲဒီလို ကျူးကျော်ဆိုတဲ့သူတွေကို ဖယ်ရှား နိုင်ဖို့အတွက် တရားမမှုနဲ့ တရားစွဲဆိုထားတယ်လို့ ရေနံချောင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနကနေ သိရပါတယ်။ သတင်း-မင်းထီး

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up