သတင်းထောက် တိုက်ခိုက်ခံရမှု ဂျာနယ်လစ်ကွန်ရက် ရှုတ်ချ
DVB
·
May 30, 2013
မေ ၂၉ ရက်နေ့က ရှမ်းပြည်နယ် လားရှိုးမြို့မှာ အကြမ်းဖက်မှု ဖြစ်ပွားစဉ်အတွင်း ဓာတ်ပုံသတင်းရယူနေတဲ့ သတင်းထောက် ၂ ဦး အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး မြန်မာဂျာနယ်လစ်ကွန်ရက်က ကြေညာချက် ထုတ်ပြန်ပြီး ကန့်ကွက် ရှုတ်ချလိုက်ပါတယ်။
ကြေညာချက်ထဲမှာ လားရှိုးမြို့မှာ သတင်းယူနေတဲ့ သတင်းထောက် ၂ ဦးကို ဈေးဆိုင်တွေနဲ့ လူနေအိမ်တွေ လိုက်လံ ဖျက်ဆီးနေတဲ့ လူအုပ်စုက ရန်ပြုပြီး ကင်မရာလုယူတာ၊ ကင်မရာကတ် သိမ်းယူတာခံရတဲ့အပြင် သတင်းထောက်တဦး ဦးခေါင်းမှာ ရိုက်နှက်ခံရပြီး အခြားတဦး ကျောကုန်းမှာ ရိုက်နှက်ခံရတယ်လို့ ဖော်ပြထားပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့လည်း သတင်းထောက်တွေကို အကာအကွယ်ပေးကြဖို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒီအဖြစ်အပျက် ဖြစ်ပွားခဲ့ပြီးနောက် ပြန်ကြားရေးဝန်ကြီးဌာန ဟာ လားရှိုးမြို့ကို ရောက်ပြီး အခက်အခဲတွေရှိတဲ့ သတင်းထောက်တွေအနေနဲ့ အကူအညီ တောင်းနိုင်တဲ့ တယ်လီဖုန်းနံပါတ်တွေကို ဖေ့ဘုတ်အင်တာနက်စာမျက်နှာကနေ တဆင့် ဖော်ပြပေးခဲ့တာ တွေ့ရပါတယ်။