အစိုးရက အလုပ်အကိုင် ဖန်တီးပေးရန် နေရပ်ပြန် ရွှေ့ပြောင်းအလုပ်သမားများ တောင်းဆို

ကိုဗစ်-၁၉ ကပ်ရောဂါ ရက်ကြာလာတာနဲ့အမျှ စားဝတ်နေရေး အခက်အခဲရှိလာတကြောင့် အစိုးရအနေနဲ့ အလုပ်အကိုင် ဖန်တီးပေးဖို့ နေရပ်ပြန် ရွှေ့ပြောင်းအလုပ်သမားတွေက တောင်းဆိုလိုက်ပါတယ်။  ကိုဗစ်-၁၉ ရောဂါကြောင့် နိုင်ငံရပ်ခြား သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဟာ ပြီးခဲ့တဲ့ မတ်လကစပြီး မြန်မာနိုင်ငံကို ပြန်လည် ဝင်ရောက်လာခဲ့တာပါ။  မွန်ပြည်နယ်မှာတော့ မတ်လမှ ဇူလိုင် ၂၀ ရက်နေ့အထိ နေရပ်ပြန် ရွှေ့ပြောင်းအလုပ်သမား ၂၇၀၀၀ ကျော် ပြန်လည်ဝင်ရောက်လာခဲ့တာပါ။ အခုအခါမှာတော့ ပြန်လည်ဝင်ရောက်လာတဲ့ နေရပ်ပြန် ရွှေ့ပြောင်းအလုပ်သမားတွေ ကိုဗစ်-၁၉ ရောဂါ ရက်ကြာလာတာနဲ့အမျှ အလုပ်အကိုင် မရှိလို့ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ထိုင်းနိုင်ငံက ပြန်လာသူ ကိုအောင်ခိုင်က ပြောပါတယ်။ “ဒီမှာက ရွာမှာ နေခဲ့ကြတာ။ အလုပ်အကိုင်လည်း မရှိဘူးလေ။ ဟိုမှာ အိမ်လည်းမရှိဘူး။ ဒီမှာ လာကပ်နေတယ်။ ခြံစိုက်စားတယ်ဆိုတာ ပိုက်ဆံအများကြီး မရဘူးလေ။ အလုပ်တခုခုတော့ ပေးစေချင်တယ်။” နေရပ်ပြန် ရွှေ့ပြောင်း အလုပ်သမားတွေဟာ စက်ရုံ၊ အလုပ်ရုံပိတ်တာအပြင် Passport သက်တမ်း ကုန်ဆုံးတာ၊ ရပ်တည်ဖို့ ဝင်ငွေ မရှိတော့တဲ့ အခြေအနေတွေကြောင့် မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်လာကြတာ ဖြစ်ပါတယ်။ ရွှေ့ပြောင်းအလုပ်သမား ဒေါ်ဝါဝါကျူက “ကိုယ့်မြန်မာပြည်မှာပဲ စက်ရုံ အလုပ်ရုံ လုပ်နိုင်တဲ့ နေ့စားလခနဲ့ ပေးနိုင်တဲ့အခွင့်အလမ်းတွေ ရှိလာဖို့ အဓိကတောင်းဆိုချင်တယ်။ အခုပြန်လာတဲ့ အခြေအနေမှာ တချို့တွေဆို ပြန်မဝင်ချင်ကြတော့ဘူး။ သူများနိုင်ငံမှာလည်း ရောဂါက ဘယ်လောက်ကြာမယ်မှန်း မသိဘူး” လို့ ပြောပါတယ်။ အစိုးရအနေနဲ့ နေရပ်ပြန် ရွှေ့ပြောင်းအလုပ်သမားတွေအတွက် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးရာမှာ လတ်တလော စားဝတ်နေရေး ပြဿနာကို ဖြေရှင်းဖို့ လမ်း၊ တံတားနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အလုပ်အကိုင် ဖန်တီးတာတွေ လုပ်ဆောင်သင့်တယ်လို့ မွန်ပြည်နယ် လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ပြောပါတယ်။ “ကျနော်တို့ဆီမှာ မဖြစ်မနေ လုပ်ရမယ့် အခြေခံအဆောက်အအုံလုပ်ငန်းတွေတော့ ရှိတယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုပြီးဖန်တီးပေးနိုင်ရင် ကိုယ့်ဒေသခံတွေကို ဆိုက်ထဲမှာ အလုပ်အကိုင်ရအောင် ဖန်တီးပေးနိုင်တာမျိုးဆို ပိုကောင်းမယ်လို့ ယူဆပါတယ်။” မွန်ပြည်နယ် အစိုးရအဖွဲ့ကတော့ နေရပ်ပြန် ရွှေ့ပြောင်းအလုပ်သမားတွေအတွက် အလုပ်အကိုင် ဖန်တီးပေးဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ နေရပြန် ရွှေ့ပြောင်း အလုပ်သမားတွေကတော့ လတ်တလော ရင်ဆိုင်ကြုံတွေ့နေရတဲ့ စားဝတ်နေရေး အခက်အခဲ ဖြေရှင်းဖို့ အစိုးရအနေနဲ့ အမြန်ဆုံး အလုပ်အကိုင် ဖန်တီးပေးဖို့ လိုလားနေကြပါတယ်။ ဇော်လွင်ထွဋ်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up