DVB Logo
Home
မြန်မာသတင်း
လားရှိုးမြို့တွင် ဆူပူအကြမ်းဖက်မှုများ ထပ်မံဖြစ်ပွား
DVB
·
May 29, 2013
လားရှိုးမြို့တွင် ဆူပူအကြမ်းဖက်မှုများ ထပ်မံဖြစ်ပွား
1 / 2
Donate to DVB

လားရှိုးအာဏာပိုင်တွေက ပုဒ်မ ၁၄၄ အရေးပေါ်အခြေအနေတွေ   ကြေညာထားပေမယ့်လည်း ဒီနေ့ မွန်းလွဲပိုင်းကစပြီး လူအုပ်စုတစုက ရုပ်ရှင်ရုံနဲ့ စားသောက်ဆိုင်တွေ မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ မနေ့က အမျိုးသမီးတဦး ဓာတ်ဆီနဲ့လောင်းပြီး မီးရှို့ခံရပြီးတဲ့ နောက်ပိုင်း အဆောက်အဦ မီးရှို့ဖျက်ဆီးမှုတွေ ဖြစ်ပွားတဲ့အတွက်  သက်ဆိုင်ရာ အာဏာပိုင်တွေက ညတွင်းချင်း အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီးနောက် ဒီနေ့ ထပ်မံ ဖြစ်ပွားတာပါ။

မျက်မြင်ဒေသခံတဦးက “လူအုပ်ကြီး ဆိုင်ကယ်တွေ၊ သုံးဘီးတွေနဲ့ ရွေ့လျားသွားနေတော့ ဟိုဘက်လုံခြုံရေးချ ဒီဘက်သွား၊ ဒီဘက်ချ ဟိုသွားနဲ့ ဟိုရွေ့ဒီရွေ့ဖြစ်နေတယ်။ ရုပ်ရှင်ရုံကို ခဲနဲ့ထုတယ်၊ ကျက်တန်းတခုက စားသောက်ဆိုင်တွေကို ဖျက်တယ်၊ သာရေးနာရေးကားတွေကို မီးရှို့လိုက်တယ်” လို့ ပြောပါတယ်။

မီးရှို့ဖျက်ဆီးမှုတွေကို သတင်းရယူနေတဲ့ အိုင်စီဂျေ သတင်းထောက် ၂ ဦး လည်း ၇ ရပ်ကွက်ထဲမှာ လူအုပ်စုတစုရဲ့ ရိုက်နှက်တာ ခံခဲ့ရပါတယ်။

အိုင်စီဂျေသတင်းသမားက “ကျနော်ကိုယ်တိုင် အရိုက်ခံရတယ်။ ခေါင်းကွဲသွားတယ်။ ရပ်ကွက် ၇ ထဲမှာပါ။ ကျနော်နဲ့အတူပါလာတဲ့သူက ကျောကုန်းမှာ အရိုက်ခံရတယ်။ ကျနော်တို့ ကင်မရာကို ဘေးမှာလွယ်ပြီး အခြေအနေကို ကြည့်နေတဲ့အချိန်မှာ ဆိုင်ကယ်အုပ်လိုက်ကြီးက လာတယ်။ ပြီးတော့ ပြေးဆင်းလာပြီး ကျနော့်ကင်မရာကို ဆွဲယူတယ်။ ကျနော့်ဘေးက သူငယ်ချင်းရဲ့ ကင်မရာကို ဆွဲယူတယ်။ မင်းတို့က မှတ်တမ်းရိုက်တာလားဆိုပြီး ဆွဲယူတော့ မဟုတ်ပါဘူးဆိုပြီးပြောတယ်။ အဲမှ ကင်မရာပေးဆိုပြီး ယူတယ်။ ကျနော်တို့က ကင်မရာတော့ မယူနဲ့၊ Memory Card မန်မိုရီကတ်ပဲ ယူသွားပါဆိုပြီး ကတ်တွေ ထုတ်ပေးလိုက်တယ်။”

ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ  လားရှိုးမြို့ခံ ဦးစိုင်းမြင့်မောင်ကလည်း ဒီနေ့မွန်းလွဲပိုင်းက စပြီး ဆူပူမှုတွေ ထပ်ဖြစ်ကြောင်း၊ ၂ ရပ်ကွက်ထဲက သီတာအေး ရုပ်ရှင်ရုံအတွင်းပိုင်း မီးလောင်ပြီး အစ္စလာမ်ဘာသာဝင်အများစုနေထိုင်ရာ ၇ ရပ်ကွက်ထဲမှာ ဈေးဆိုင်ဖျက်ဆီးမှုတွေရှိတယ်လို့ ပြောပါတယ်။

“ဒီနေ့ နေ့လယ် ၂ နာရီ ၄၅ မိနစ်လောက်စ ထပ်ဖြစ်တယ်။ သီတာအေးရုပ်ရှင်ရုံ ၁ ရုံကို မီးရှို့တယ်။ အတွင်းဘက် လောင်တယ် ပြောတယ်။ အပြင်ဘက် ဆိုင်တန်းတွေ ရှို့တယ်။ ပိုင်ရှင်က ပန်းသေးဗျ။ နောက် ရပ်ကွက် ၇ ထဲက ဗလီတခုဆီ သွားတယ်ပြောတယ်။ ဖျက်သလား၊ မဖျက်သလား မသိဘူး။ ကျနော်သိသလောက်ဆို ရပ်ကွက်ကလူတွေ ဦးဆောင်တာ မဟုတ်ဘူး။ ဦးဆောင်သူတွေက ဒီမြို့မှာ မျက်မှန်းတန်းမိနေသူတွေ မဟုတ်ဘူးလို့လည်း ပြောတယ်။”

မေ ၂၈ ရက်နေ့ ညနေပိုင်းက ၈ ရပ်ကွက်ထဲမှာ  ဦးနေ၀င်းဆိုသူက ဓာတ်ဆီရောင်းသူ ဒေါ်အေးအေးဝင်းကို ဓာတ်ဆီနဲ့ ပက်ပြီး မီးရှို့ခဲ့ရာက လူအုပ်စုကြား မကျေနပ်မှုတွေ ဖြစ်ပွားပြီး  ၂၊ ၃၊ ၇ နဲ့ ၉ ရပ်ကွက်တွေက  ဗလီတခု၊ မိဘမဲ့ကျောင်းတကျောင်း၊ ဗလီဆရာသင်တန်းကျောင်းတကျောင်း  မီးရှို့ခံရပြီး ဈေးဆိုင်ပေါင်း အနည်းဆုံး ၁၀ ဆိုင်နဲ့ နေအိမ် ၃ လုံး ဖျက်ဆီးခံခဲ့ရပါတယ်။

မီးရှို့ခံရသူ ဒေါ်အေးအေးဝင်းကို မြို့ခံတွေက လားရှိုးဆေးရုံမှာ ပို့ဆောင်ကုသထားပြီး ဦးနေ၀င်းကိုတော့ အမှတ် ၁ မြို့မရဲစခန်းက  အရေးယူထားပြီး လုံခြုံရေးတွေလည်း တိုးမြှင့်ချထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ် ဥက္ကဋ္ဌ ဦးညွန့်မောင်ရှိန်ကတော့ ပဋိပက္ခဖြစ်ပျက်မှုတွေက ဘူးသီးတောင်၊ မောင်တောတွေလိုပဲ တပုံစံတည်းလို ဖြစ်နေတာ မကောင်းကြောင်းနဲ့ လူ ၂ ဦးချင်း ဖြစ်တဲ့ပြဿနာကို တရားဥပဒေနဲ့သာ ဖြေရှင်းသင့်ပြီး အများပြည်သူပိုင်ပစ္စည်းတွေ မဖျက်ဆီးသင့်ဘူးလို့ ပြောပါတယ်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေကလည်း ဗုဒ္ဓဘာသာသံဃာတော်တွေ၊ အစ္စလမ်ဘာသာရေးခေါင်းဆောင်တွေနဲ့ ဒီနေ့ မွန်းလွဲပိုင်းက လားရှိုးမြို့တော်ခန်းမမှာ တွေ့ဆုံဆွေးနွေးပြီး ပဋိပက္ခဖြစ်ပွားမှုဟာ ဘာသာရေးနဲ့ မသက်ဆိုင်တဲ့အကြောင်းတွေ ရှင်းလင်းပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013