Home
မြန်မာသတင်း
မကွေးတွင် သိမ်းဆည်းခံ တောင်ယာမြေများ ပြန်ရရေး တောင်းဆို
DVB
·
May 29, 2013
မကွေးတိုင်း ဆင်ပေါင်ဝဲမြို့နယ်၊ ဘော်ပြင်းကျေးရွာအုပ်စုက လယ်မြေဧက ၁၂၇၀၀ ကျော်ကို အကြီးစားစက်ပစ္စည်းစက်ရုံ ကပစ (၈) က ၁၉၉၈ ခုနှစ်က သိမ်းယူထားပြီး သီးစားပြန်ချထားပေးရာကနေ အခုနှစ်မှာ သီးစားမချပေးတော့တာကြောင့် တောင်သူ ၁၀၀ လောက် ဒီကနေ့ ထွန်တုံးတိုက်ပွဲ ဆင်နွှဲခဲ့ပါတယ်။ ထွန်တုံးတိုက်ပွဲမလုပ်ခင် တောင်သူတွေက တားမြစ်ဧရိယာမှာ ပဲနဲ့ နှမ်းစိုက်ပျိုးတာကို ကပစ (၈) က စိုက်ခင်းကို ၀င်ရောက်ဖျက်ဆီးခဲ့တယ်လို့ တောင်သူတွေက ပြောပါတယ်။ ဒီနေ့  ထွန်တုံးတိုက်ပွဲ ပြုလုပ်မှုနဲ့ ပတ်သက်လို့ လယ်မြေ ၁၃ ဧက သိမ်းဆည်းခံခဲ့ရတဲ့ တောင်သူဦးလှဦးက “ကျနော်ကတော့ ဒီထဲမှာ ၁၃ ဧကပါပါတယ်။ လျော်ကြေးနဲ့ပတ်သက်လို့တော့ တပြားတချပ်မှ မရပါဘူး။ သီးစားလည်း မကောက်ခံတော့ဘဲနဲ့ သူတို့လုံခြုံရေးအရ အကြောင်းပြပြီး သိမ်းဆည်းလိုက်တာ။ ဒီနေ့ ထွန်တုံးတိုက်ပွဲလုပ်ရတာက ကျနော်တို့က ဒီနှစ် ၂၀၁၃ ခုနှစ်မှ စိုက်ပျိုးခွင့်မပေးတော့တဲ့ဧကတွေမှာ ကျနော်တို့က တက်စိုက်တယ်။ တက်စိုက်တာကို သူတို့က တောင်သူ ၈ ဦးရဲ့လယ်ဧကတွေမှာစိုက်ပြီးသား သီးနှံတွေကိုထွန်စက်နဲ့တိုက်ပြီး ဖျက်ဆီးပစ်တယ်။ စိုက်ခင်းထဲမှာ စားသုံးမရတဲ့သစ်ပင်တွေစိုက်တယ်။ အဲဒါကြောင့် ထွန်တုံးတိုက်ပွဲလုပ်ရတာ” လို့ ပြောပါတယ်။ သူတို့တောင်ယာတွေကို သိမ်းဆည်းစဉ်တုန်းက လျော်ကြေးမပေးဘဲ သိမ်းသွားတာလို့ ဆိုပါတယ်။ အသိမ်းခံလယ်မြေတွေ ပြန်ရရေး၊  သီးနှံများ ပျက်စီးဆုံးရှုံးမှုအတွက် လျော်ကြေးရရှိရေး၊ ယာသွားလမ်းနဲ့ ရွာကူးလမ်းတွေ ပြန်လည်ဖွင့်လှစ်ပေးရေး၊ စိုက်ပျိုးထားသောယာမြေများအပေါ် ထွန်တုံးဖြတ်ပြီး ဖျက်ဆီးခြင်းနဲ့ သစ်ပင်စိုက်ပြီး ဖျက်ဆီးခြင်းတို့အတွက် လျော်ကြေးရရှိရေး၊ ပုဒ်မ ၄၄၇ နဲ့ တရားစွဲဆိုခံထားရတဲ့ တောင်သူ ၉ ဦးကို အမှုမှ လွတ်ကင်းရုပ်သိမ်းပေးရေးတို့  အချက် ၅ ချက်ကို တောင်သူတွေက တောင်းဆိုခဲ့ကြတာပါ။ ထွန်တုံးတိုက်ပွဲကို ရဲအင်အား ၅၀ ခန့် လာရောက်ပေမယ့် ပိတ်ပင်တားဆီးတာမျိုးမရှိပါဘူး။ ခရိုင်ရဲမင်းကြီးက တောင်သူတွေ တောင်းဆိုတဲ့အချက် ၅ ချက်ကို မေ ၃၁ ရက်နေ့မှာ ညှိနှိုင်းပေးသွားမယ့်အကြောင်း ပြောသွားတယ်လို့ ဦးလှဦးက ပြောပါတယ်။ “ကျနော်တို့ကို တအားကြီး ပိတ်ပင်တားဆီးတာမျိုးတော့ မရှိပါဘူး။ ခရိုင်ရဲမင်းကြီး ဦးသန်းဆွေနဲ့ ကျနော်တို့တောင်သူတွေ ထိပ်တိုက်ပဲ ညှိနှိုင်းဆွေးနွေးရတယ်။ အာဏာပိုင်တွေဘက်ကိုတော့ အချက် ၅ ချက်တောင်းဆိုလိုက်တယ်။ အဲဒီတောင်းဆိုချက်ကို ၃၁ ရက်နေ့ကျရင် မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ညှိနှိုင်းပြီး စက်ရုံမှူးကိုယ်စား ဗိုလ်ကြီးကျော်မြတ်သူနဲ့ တောင်သူတွေနဲ့ ပြန်ညှိပေးမယ်လို့ ပြောသွားတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024