Home
မြန်မာသတင်း
ယူအေအီးနိုင်ငံက ပြန်လာသည့် အမျိုးသမီး ၁ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ
DVB
·
July 18, 2020
ဓာတ်ခွဲနမူနာ ၁,၀၇၇ ခုအား စစ်ဆေးချက်အရ ယူအေအီးနိုင်ငံက ပြန်လာတဲ့ မန္တလေးတိုင်း အောင်မြေသာစံမြို့နယ်နေ အသက် ၄၃ နှစ်အရွယ် အမျိုးသမီး ၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီနေ့ည ထုတ်ပြန်ပါတယ်။ ဇူလိုင် ၁၈ ရက်နေ့အတွက် ပထမသုတ်အဖြစ် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၅၂၁ ခု၊ ဆေးသုတေသနဦးစီးဌာနက  ဓာတ်ခွဲနမူနာ ၁၃၇ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ဓာတ်ခွဲနမူနာ ၁၈၈) ခုနဲ့ ရန်ကုန်မြို့၊ အမှတ် ၁ တပ်မတော်ဆေးရုံကြီး ခုတင် ၁,၀၀၀ က ဓာတ်ခွဲနမူနာ ၂၃၁ ခု၊ စုစုပေါင်း ၁,၀၇၇ ခုအား စစ်ဆေးပြီးစီးခဲ့တာပါ။ လူနာသစ် အမှတ် ၃၄၀ ဟာ ယူအေအီးနိုင်ငံက ပြန်လာပြီးနောက် မရမ်းကုန်းမြို့နယ်မှာ အသွားအလာကန့်သတ်ထားကာ ကိုဗစ်-၁၉ လူနာတွေနဲ့ ထိတွေ့မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။ သူ့ကို ဝေဘာဂီ အထူးကုဆေးရုံကြီးမှာ ဆေးကုသမှု ခံယူစေမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာ ဒီနေ့ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၄၀၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူလူနာ ၂၇၃ ဦး၊ ဆေးရုံက ဆင်းခွင့်ပြုခဲ့ပြီးသူ ၂၆၁ ဦး နဲ့ စောင့်ကြည့်လူနာအသစ် ၃၉ ဦး ရှိပါတယ်။ ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၄ သန်းကျော်၊ သေဆုံးသူ ၆ သိန်းကျော်နဲ့ ရောဂါပိုးကင်းစင်လာသူ ၈ ဒသမ ၅ သန်းကျော်ရှိတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024